စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ MRA စခန်းအား စစ်ကောင်စီတပ်က စီးနင်းချိန်တိုက်မိုင်းထိ၍ တစ်ဦးသေဆုံးပြီး စခန်းအားမီးရှို့သွား၍ ကျပ်သိန်း ၂၀၀ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်း Myanmar Revolution Army – MRA၏ တာဝန်ခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီ ၇ရက်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဖိုလ်ဝင်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုးနေသော အင်အား ၈၀ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် MRA စခန်းသို့ နံနက် ၁၁ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်သည် MRA ရဲဘော်များစခန်းအတွင်း ထောင်ထားခဲ့သည့် နင်းမိုင်း ၆ လုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သည် စခန်းအား နံနက် ၁၁ နာရီခွဲခန့်တွင် မီးရှို့ဖျက်ဆီးသွားပြီး မီးလောင်ပြင်တွင် မီးလောင်ကျွမ်းနေသော ရုပ်အလောင်းတစ်ခု တွေ့ရှိရကြောင်း MRA တာဝန်ခံတစ်ဦးက ပြောသည်။
“သေတာက စကစထဲက ဖြစ်နိုင်တယ်။ ၆ရက်နေ့က စခန်းအနီးကဖြတ်ပြီး ဖိုလ်ဝင်တောင်ပေါ် တက်တုန်းက ထောင်ထားခဲ့တာ။”ဟု MRA တာဝန်ခံက ပြောသည်။

ရဲဘော်များ ထိခိုက်မှုမရှိသော်လည်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း ကျပ်သိန်း ၂၀၀ ခန့်ဆုံးရှုံးခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် ကူအညီများလိုအပ်နေကြောင်း MRAက ဆိုသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းကြောင့် ဆားလင်းကြီးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာ ခုနစ်ရွာက ဒေသခံပြည်သူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
