စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ရွာစဥ်ပတ်မီးရှို့နေသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးကြောင်း GZ Specisl Task Force-Wet Let အဖွဲ့ခေါင်းဆောင် ကိုဂျီဖက်ကပြောသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့က ဝက်လက်နယ်အနောက်ခြမ်း၊ မန်ကျည်းတုံရွာမှ တကောင်းမင်းရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက လက်နက်ကြီးများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့်သေဆုံးခြင်းဖြစမသည်ဟု ကိုဂျီဇက်ကဆိုသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
” ဝက်လက်မြို့နယ်ထဲ ခုနှစ်ရွာရှစ်ရွာလောက် မီးပတ်ရှိူ့နေတဲ့ ရွေ့လျားစစ်ကြောင်းပါ။ အခုတော့ ဝက်လက်မြို့နယ်ထဲ မရှိတော့ဘူး။ ရွှေဘိုမြို့ထဲ ပြန်ခေါက်သွားပြီ။ အင်အားက ၆၀ လောက်တော့ရှိတယ်။”ဟု GZ Specisl Task Force-Wet Let အဖွဲ့ခေါင်းဆောင်ကဆက်ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို လူထုနွေဦးက ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုစစ်ဆင်ရေးကို GZ Specisl Task Force-Wet Let အဖွဲ့၊ တပ်ခွဲဖြစ်သော တပ်ခွဲ ၄ မိုင်းဘီလူးတပ်ခွဲနှင့် ရေကြက်တပ်ဖွဲ့နှင့် ဒေါင်းဘုရင်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
GZ Specisl Task Force-Wet Let အဖွဲ့သည် စစ်ကောင်စီတပ်၊ ပျူများနှင့် မကြာခဏ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေပြီး လုံခြုံရေးအရ စစ်ရေးသတင်းများအားအကန့်အသတ်ဖြင့်သာထုတ်ပြန်နေသည်ဟုတာဝန်ရှိသူကပြောသည်။
ဝက်လက်မြို့နယ်တွင် ဇန်နဝါရီလတစ်လအတွင်း အိမ်ခြေ ၂၀၀၀နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီးကလေး ၁ဦးအပါအဝင် ပြည်သူ ၅ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
