တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာတွင်စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးတစ်ဦးကိုPDFများက ပစ်ခတ်ရှင်းလင်းခံရပြီးနောက် ထိုရွာရှိ အထက်တန်းကျောင်းကို စစ်ကောင်စီတပ်က မီးရှို့လိုက်ကြောင်း ဒေသခံများကပြောသည်။
ဖေဖော်ဝါရီ ၃ ရက်မနက်ပိုင်း ၄ နာရီခန့်က ညောင်ဇင်ရွာမှ ထားဝယ်မြို့ကို သွားသည့် ပျူစောထီးတစ်ဦးကို ဒေသခံကာကွယ်ရေးတပ်များက ပစ်ခတ်ရှင်းလင်းပြီးနောက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက စာသင်ကျောင်းကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သရက်ချောင်းမြို့နယ်ရှိ ဒေသခံတစ်ဦးကပြောသည်။
“မနက်ပိုင်းမှာဒလန်ပျုစောထီးကိုရှင်းလိုက်ပြီးစစ်တပ်နဲ့ ပျူစောထီးတွေ ၂၀လောက် ရောက်လာပြီးစစ်ဆေးရေးလုပ်တယ်။ပြီးတော့ ကျောင်းက မီးလောင်သွားတာ”ဟုဒေသခံကပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒေသခံများက နေအိမ်ထဲမှ အပြင်မထွက်ကြဘဲ စာသင်ကျောင်းမီးလောင်ချိန်မှသာ သိရသည်ဟု ဒေသခံအချို့ကပြောသည်။ အဆိုပါကျောင်းသည် စာသင်ကြားမှုမရှိတော့၍ ကျောင်းဖွင့်ထားနိုင်ခြင်းမရှိသည့် ကျောင်းဖြစ်သည်ဟုဒေသခံများကပြောသည်။
“ရုံးခန်းတစ်ခုပဲ ကျန်ခဲ့တော့တယ်၊ အကုန်လုံးပြာကြသွားပြီ”ဟု အဆိုပါကျောင်းတွင်တက်ရောက်ခဲ့သည့် အခြားဒေသခံတစ်ဦးကပြောသည်။
ပျူစောထီးအားပစ်ခတ်ရှင်းလင်းမှုကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို ထုတ်ပြန်ခြင်းမရှိသေးပေ။
ညောင်ဇင်ရွာသည် ရန်ကုန်-ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးဘေးတွင်တည်ရှိသော ကျေးရွာတစ်ခုဖြစ်သည်။
