KNUဘက်က တော်လှန်ရေးရဲဘော် ၂၁၉ ဦးကျဆုံးခဲ့
ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း မြန်မာစစ်တပ်မှ အာဏာသိမ်းယူပြီးသည့်အချိန်မှစပြီး (၂)နှစ်အတွင်း တိုက်ပွဲပေါင်း ၈,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၆,၈၀၀ ကျော်သေဆုံးခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၁ရက်အတွင်း တိုက်ပွဲပေါင်း ၈,၀၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ ၆,၈၇၆ ဦးသေဆုံးကာ ၅,၅၁၉ ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ နယ်မြေစိုးမိုးနိုင်ရေးအတွက် တပ်အင်အားတိုးချဲ့ခြင်းများ၊ စစ်ရေးလှုပ်ရှားမှုများပိုမိုလုပ်ဆောင်ခြင်းများ ကို အဆက်မပြတ်လုပ်ဆောင်လာသည့်အတွက် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားလွတ်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေတပ်များအကြား နေတိုင်း ထိတွေ့တိုက်ပွာများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများအတွင်း KNLA၊ KNDOနှင့် KNLA၊ KNDOတို့၏ စစ်ရေးဦးဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များမှ ၂၁၉ ဦးကျဆုံးခဲ့ပြီး ၆၀၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။
“စစ်အာဏာရှင် စနစ်အမြစ်ပြတ် ချေမှုန်းနိုင်ရေးအတွက် စည်းလုံးညီညွတ်မှုနှင့် အမိန့်နာခံမှုမှာအရေးကြီးဆုံးအရာ ဖြစ်သည်။ စစ်အာဏာရှင်စနစ်မကျရှုံးသေးသည့်အတွက် တော်လှန်ရေးတိုက်ပွဲကိုလည်း ဆက်လက် ဆင်နွှဲရအုံးမည်ဖြစ်သည်”ဟု KNUက ထုတ်ပြန်သည်။
စစ်ကောင်စီအနေဖြင့် အာဏာသိမ်းယူမှုအပေါ် လက်မခံဘဲ ငြိမ်းချမ်းသည့် နည်းဖြင့်ဆန္ဒထုတ်ဖော်ခဲ့သည့် ပြည်သူများကိုအကြမ်းဖက်သောနည်းလမ်းများကိုအသုံးပြုပြီး မတရားဖမ်းဆီးညှင်ပန်းနှိပ်စက်သတ်ဖြတ်ခြင်းများနှင့် ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်းများအကို အများ အပြားပြုလုပ်လျက်ရှိကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အားအမြစ်ပြတ်ချေမှုန်းရန် စိတ်ဓာတ်များ ပိုမိုပြင်းထန်လာပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များဆီသို့ သွားရောက်ခဲ့ရာ KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းသို့လည်း ပြည်သူလူထုများစွာ ရောက်ရှိခဲ့ကြောင်း အသိပေးထားသည်။
ထိုသို့ရောက်ရှိလာသူများထဲတွင် မြန်မာစစ်တပ်မှစေလွှတ်လိုက်သော သူလျှိုများလည်း ပါဝင်ခဲ့ပြီး ၎င်းတို့က ကော်သူးလေအုပ်ချုပ်နယ်အတွင်းသို့ ရောက်ရှိလာသော ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်များနှင့် KNUတို့အကြား ယုံကြည်မှုမတည်ဆောက်နိုင်ရန်နှင့် ရောက်ရှိ လာသော ပြည်သူလူထု၊ ကျောင်းသား၊ လူငယ်များအချင်းချင်း စိတ်ဝမ်းကွဲမှုများဖြစ်အောင် နည်းလမ်း အမျိုးမျိုးဖြင့် သွေးထိုးလှုံ့ဆော်ခဲ့၍ နယ်မြေလုံခြုံရေးအပေါ် အထူးထိခိုက် စေခဲ့ကြောင်း KNUက ဆိုသည်။

ထို့အပြင် KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းသို့ အာဏာသိမ်းမှုအဆက်ဆက်တွင် လာရောက်ခိုလှုံခဲ့သည် လူအချို့သည် ယနေ့အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးလျက်ရှိကြောင်း ဖော်ပြသည်။
KNUသည် နိုင်ငံရေးရပ်တည်ချက်၊ စစ်ရေးမဟာဗျူဟာများနှင့် အုပ်ချုပ်ရေးလှုပ်ငန်းများအခိုင် အမာရှိထားသည့်အလျောက် ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ် ဖြစ်ပွားပြီး သည့်နောက်ပိုင်းတွင် KNU အုပ်ချုပ်နယ်မြေအတွင်းရှိ ခရိုင်တပ်မဟာ၊ မြို့နယ်တပ်ရင်းများအတွင်းသို့ နည်းလမ်းအမျိုးမျိုး ရောက်ရှိလာသော တော်လှန်လိုသည့် ပြည်သူလူထုများအား သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများမှ လက်ခံပြီး စစ်အာဏာရှင်အား အမြစ်ပြတ်တွန်းလှန်တော်လှန်နိုင်မည့်သူများအား အဆင့်ဆင့်စီစစ်ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အခြေခံစစ်သဘောတရားနှင့် အခြေခံစစ်သင်တန်းများအား သင်ကြားပေးခဲ့ကြောင်း အသိပေးထားသည်။
အချို့သောလူငယ်များသည် စုရုံးပြီး ၎င်းတို့ကိုယ်တိုင် ရန်ပုံငွေများရှာဖွေပြီး စစ်သင်တန်းများ သင်ကြားပေးရန်အတွက် တောင်ဆိုခဲ့သည့်အပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တို့ရှိ တာဝန်ရှိသူများမှ ၎င်းတို့အား အခြေခံ စစ်သင်တန်းများ သင်ကြားပေးခဲ့သည်ဟု ဆိုသည်။
KNLA၊ KNDOတို့၏ စစ်ရေးဦးဆောင်မှုကိုလက်ခံသည့်လူငယ်များသည် KNLA၊ KNDOတို့နှင့်အတူတကွလက်တွဲပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား တော်လှန်တိုက်ခိုက်လျက်ရှိကြောင်း၊KNUလက်အောက်ခံ KNLA၊ KNDO တို့၏ စစ်ရေးဦးဆောင်မှုအောက်ရှိ စစ်ကြောင်းများ ဒရုန်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များသည် စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်နိုင်ရန်အတွက် ခရိုင်တပ်မဟာ အသီးသီးတွင်စည်းစည်းလုံးလုံးညီညီ ညွတ်ညွတ်ဖြင့် တော်လှန် တိုက်ပွဲဝင်လျက်ရှိသည် ဖော်ပြသည်။
အာဏာသိမ်းကာလအတွင်း KNU သထုံခရိုင်( ဒူးသထူခရိုင်) တပ်မဟာ (၁) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၈၀၁ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁,၅၂၆ဦး သေဆုံးကာ ၁,၃၄၂ ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။
တောင်ငူ(တောအူး)ခရိုင် တပ်မဟာ (၂)အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပါင်း ၂၇၇ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ၅၀၅ဦးသေဆုံးကာ ၂၀၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ (၃)အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၅၂၅ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၆၀၆ဦးသေဆုံးကာ ၃၉၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့အပြင် ဘိတ်ထားဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ၂၅၉ ဦးသေဆုံးကာ ၂၄၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။
ဖာပွန်(မူတြော်)ခရိုင် တပ်မဟာ (၅)အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၅,၆၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များမှ ၂,၇၆၀ ဦးသေဆုံးပြီး ၂,၃၄၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။
ဒူးပလာယာ တပ်မဟာ (၆)အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲပေါင်း ၆၆၆ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၁,၂၂၀ဦးသေဆုံးကာ ၉၉၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။
သို့သော် KNU တပ်မဟာ(၇) ဖားအံခရိုင်အတွင်း၌ တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ပေ။
