ဖယ်ခုံမြို့နယ် ၊မိုးဗြဲမြို့တွင်တင့်ကားတစ်စီးအပါအဝင်စစ်အင်အားအမြောက်အများဖြည့်တင်းလျှက်ရှိသည့် စစ်ကောင်စီတပ် နှင့် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်မှသေဆုံးသူ အနည်းဆုံး ငါးဦးရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှတာဝန်ရှိသူကပြောသည်။
“ထိတွေ့မှုက မနေ့ ကလည်းရှိခဲ့တယ်။ဒီနေ့ကတော့ ပိုပြင်းထန်တယ်။စကစ ဘက်က ပိုတိုးပြီး လှုပ်ရှားလားတာ တွေ့ရတယ်။အခုအခြေအနေက သူတို့ ရှိတဲ့ အထိုင်တပ်တွေ အပြင် လွိုင်ကော်ဘက်နေပါ ထပ်ဖြည့်နေတာ ရှိတယ်။တိုက်ပွဲ က ဒီထက့် အရှိန်မြင့်လာဖို့ရှိနိုင်တယ်”ဟုအထက်ပါတာဝန်ရှိသူက People’s Springသို့ပြောသည်။
ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက် ၉ နာရီကစ၍ ညနေ ၄ နာရီခွဲ အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)၊ကရင်နီအမျိုးသား များကာကွယ်ရေးတပ် KNDF B-03 နှင့် လွိုင်ကော် PDF တို့ပူးပေါင်းတိုက်ခိုက်နေသည်ဟုသိရသည်။
ယနေ့တိုက်ပွဲတွင် ဖယ်ခုံစစ်ကောင်စီတပ်၊ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်၊ ဝှါရီဆူးပလိုင်တွင်တပ်စွဲထားသောစစ်ကောင်စီတပ်များကလက်နက်ကြီးများပစ်ကူတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
သို့သော် စစ်ကောင်စီတပ်ကပစ်ကူသောတာဝေးပစ်လက်နက်ကြီးများအနက် (၃) လုံးသည် စစ်ကောင်စီတပ်သားများတပ်စွဲရာ စက်တော်ရာတောင်ပေါ်ကို တည့်မစွာကျရောက်ပေါက်ကွဲခဲ့ရာ စစ်ကောင်စီမှ အနည်း ဆုံးငါး ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်းကို မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကရင်နီပူးပေါင်းတပ်မှာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ် ခွာနိုင်ခဲ့သည်ဟုလည်းသိရသည်။ စစ်ကောင်စီတပ်သဆုံးထိခိုက်မှု အခြေအနေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။
မိုးဗြဲမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပူး ပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များ စစ်ရေးအခြေအနေတင်းမှာလျှက်ရှိပြီး မိုးဗြဲ-ပီကင်းလမ်းပိုင်းကို ပြည်သူများအသုံးမပြုသေးရန် မိုးဗြဲ PDF က သတိပေးသည်။
ထို့အပြင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)မှ မြို့ပြအဆင့်ထိ နယ်မြေပြန်လည်စိုးမိုးနိုင်ရေးအတွက်လိုအပ်ချက်များဖြည့်တင်းနိုင်ရန် ကူညီပံ့ပိုးပေးရန် မေတ္တာရပ်ခံထားသည်။
