ပြောက်ကျားတပ်ခွဲမှ မွမ်းမံသင်တန်းကို တောတွင်းတစ်နေရာတွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၁၀)၊ ၁၀၀၁ တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့ အသိပေးထုတ်ပြန်သည်။
MBPDF၏ (တပ်ခွဲ-၄) ပြောက်ကျားတပ်ခွဲမှ မွမ်းမံသင်တန်းတွင် ရဲဘော်များကို နိုင်ငံရေးအတွေးအမြင်များ၊ တော်လှန်ရေး ဗဟုသုတများ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာမူဝါဒများနှင့် စစ်အာဏာရှင်စနစ်အကြောင်းများကို ဝေမျှပေးခဲ့သည်ဟု ဆိုသည်။

“တော်လှန်ရေး ရေချိန်မြင့်လာတဲ့တပြိုင်တည်း ကျွန်တော်တို့ ရပ်တည်ချက်တွေ ပိုခိုင်မာအောင်ရယ်၊ ရှေ့ဆက်လုပ်ဆောင်မယ့် အပိုင်းတွေကို ပူးပေါင်း ဆွေးနွေးခဲ့ပါတယ်”ဟု MBPDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ထို့အပြင် စစ်အာဏာရှင်စနစ်အပြီးတိုင်တိုက်ပွဲဝင်သွားမည်ဟုလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က အသိပေးသည်။

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ်ရှိ မိုးဗြဲမြို့သည် စစ်ရေးအရအရေးပါသည့် နယ်မြေဖြစ်ပြီး တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီ တပ်အထိနာသည့် ဒေသဖြစ်သည်။
