ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင် ၊ ဖုပ်ဖရာ့ ဒေသမှာ ပေ ၄၀ ကျော်နက်တဲ့ မြေအောက်ရေတွင်းထဲ ပြုတ်ကျသွားတဲ့မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုရဲ့ကလေးငယ်ကို ဒီနေ့မနက်ပိုင်းဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီလို့ ထိုင်းမီဒီယာတွေမှာဖော်ပြပါတယ်။
၁နှစ်နဲ့၇ လသားကလေးငယ်ကို ထိခိုက်ဒဏ်ရာမရစေဘဲ ဘေးကင်းကင်း ကယ်ဆယ်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေဟာ ၁၈ နာရီကြာ ကြိုးပမ်းခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်ကဆိုပါတယ်။




ဒီနေ့မနက်ပိုင်းမှာ မြေပြင်ပေါ် ကလေးငယ်ကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တာပါ။
ပီလောပီနံ စိုက်ခင်းမှာလုပ်ကိုင်တဲ့မြန်မာရွှေ့ပြောင်းလုပ်သားမိသားစုရဲ့ အသက် ၁ နှစ် ၇ အရွယ်ကလေးငယ်ဟာ မနေ့ ဖေဖော်ဝါရီလ ၆ ရက် ညနေပိုင်းမှာ ဆော့ကစားနေရင်း မြေအောက်ရေတွင်းထဲပြုတ်ကျသွားတာပါ။
အဲဒီရေတွင်းဟာ ၁ပေနီးပါးသာအဝ ကျယ်ဝန်းတာကြောင့် ကလေးငယ် ဘေးကင်းအသက်ရှင်နိုင်ဖို့ မြေတူးစက်တွေနဲ့ တူးဖော်ပြီး ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရတယ်လိုသိရပါတယ်။
