စစ်အုပ်စုအားပြန်လည်တိုက်ရာ ထိခိုက်သေဆုံးမှုရှိဟုဆို
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပညာသင်ကြားနေသော ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး အဆိုပါစစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (ဖေဖော်ဝါရီ၂ ရက်)နံနက် ၉ နာရီခွဲခန့်က စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ တံတားဦးကျေးရွာသို့ ဝင်ရောက်မွှေနှောက်ပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျူရှင်တက်နေသော (၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ခါးတွင် ကျည်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်အား နံနက် ၉ နာရီခွဲခန့်တွင် တိုက်နယ်စွန်(စွန်) PDFအဖွဲ့က တပ်စိတ်တစ်စိတ်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြသည်။
နံနက် ၁၀နာရီ ၂၆ မိနစ်ခန့်တွင် စစ်ကောင်စီတပ်များသည် ထိန်ကုန်ဘက်သို့ဝင်သွားပြီး စစ်ကြောင်း နောက်ပြန်လှည့်လာစေရန် (၈၀)မမ နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့နောက် နံနက် ၁၁ နာရီ ၂၄မိနစ်ခန့်တွင် စစ်ကောင်စီစစ်ကြောင်းသည် တောင်ဘက်ကိုဆက်သွားပြီး မွန်းလွဲ ၁ နာရီ ၂၂ မိနစ်ခန့်တွင် တာတိုင်ရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
တပ်ပြန်ခေါက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ညနေ ၃ နာရီခွဲဝန်းကျင်တွင် အင်အား ၃၀ ကျော်ဖြင့် ရဲစခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်၊
တံတားဦးကျောင်းအနောက်တွင် ရမ်းသမ်းပစ်ခတ်နေသည့် အဖွဲ့ကလည်း ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် တံတားဦးရွာက အိမ်တစ်အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရဲစခန်းထဲသို့ဝင်ရောက်သွားသော စစ်ကောင်စီတပ်များကို (၆၀) မမဖြင့် ၇ ချက်၊ (၈၀) မမဖြင့် ၉ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရဲစခန်းရှေ့၌ လက်နက်ကြီးထိမှန် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို စခန်းတွင်းသို့သယ်ဆောင်ပြီး မီးရှို့ခဲ့ကြောင်း၊ သေဆုံးသူ ၅ ဦးထက်မနည်းရှိနိုင်ပြီး ဒဏ်ရာရသူများလည်း အများပြားရှိကြောင်း တိုက်နယ်စွန်(စွန်) PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်မှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။
ဝက်လက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်သည် ဇန်နဝါရီ စတုတ္ထပတ်အတွင်းက အိမ်စီးကားတစ်စီးအား ပစ်ခတ်တိုက်ခိုက်ရာ တစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သေးသည်။
