စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်းအမျိုးသမီး ၂,၈၀၀ နီးပါး ဖမ်းခံခဲ့ရပြီး သေဆုံးခဲ့ရသူ ဦးရေဟာ ၄၀၀ ကျော်ရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ဖော်ပြပါတယ်။
ဖမ်းခံရတဲ့ အမျိုးသမီးဦးရေထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး ၇၅၈ ဦး စစ်တပ်ရဲ့ဖမ်းဆီးတာခံခဲ့ရတာပါ။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဟာ အမျိုးသမီးဦးရေ အများဆုံး ဖမ်းခံရတဲ့စာရင်းထဲပါပြီး အဲဒီတိုင်း ၂ တိုင်းမှာ အမျိုးသမီးအယောက် ၃၀၀ ကျော်စီ ဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။
ပဲခူးတိုင်းနဲ့တနင်္သာတိုင်းမှာလည်း အမျိုးသမီး ၂၀၀ ကျော်စီ ဖမ်းခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့စာရင်းအရသိရပါတယ်။
ဒီလို ဖမ်းခံရတဲ့အမျိုးသမီးဦးရေထဲမှာ ပညာရေးဝန်ထမ်းတွေ ၊တက်ကြွလှုပ်ရှားသူတွေ နဲ့ကျန်းမာရေးကဏ္ဍနဲ့ဆက်စပ်သူတွေ အများဆုံးဖမ်းခံရတာတွေ့ရပါတယ်။
ပညာရေးကဏ္ဍ က ၃၆၅ ဦး ၊ ပါတီနိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၉၂ဦး၊ ကျန်းမာရေးကဏ္ဍမှာပါဝင်လုပ်ကိုင်နေသူ ၅၁ဦး နဲ့ကျန်တဲ့ ဦးရေဟာ အနုပညာ ၊ မီဒီယာ ၊ အစိုးရမဟုတ်တဲ့ ကဏ္ဍအသီးသီက သူတွေနဲ့ သာမန်အရပ်သားအမျိုးသမီးတွေဖြစ်ကြပါတယ်။
ဒါအပြင် ၂ နှစ်တာ ကာလအတွင်းသေဆုံးခဲ့ရတဲ့ အမျိုးသမီး ဦးရေ ၄၁၄ ဦးရှိခဲ့ပြီး ဒီစာရင်းမှာ လက်နက်ကြီးထိမှန်သေဆုံးသူတွေ ၊ ကျေးရွာထဲ ဝင်ရောက်ပစ်ခတ်မှုကြောင့်သေဆုံးသူတွေ ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးရသူတွေနဲ့ ဆန္ဒထုတ်ဖော်နေချိန် ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သေဆုံးရသူတွေပါဝင်တာကိုတွေ့ရပါတယ်။
