▪︎ ပြည်သူလူထုနေအိမ် ငါးထောင်ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး
စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ဇန်နဝါရီ လအတွင်း ကလေးငယ် ၁၀ဦး အပါအဝင် ပြည်သူ ၁၁၆ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာန တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနကပထမဆုံးအကြိမ် ထုတ်ပြန်သည်။
တရားရေးဝန်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဆိုင်ရာဦးစီးဌာနသည် စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖြစ်ပွားနေသည့် စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်အမှုများ၊လူမျိုးတုံးသတ် ဖြတ်မှုများ၊ အပါအဝင် အရပ်ရပ်သော ဥပဒေဆိုင်ရာ ချိုးဖောက်မှုများကို စာရင်းကောက်ယူ မှတ်တမ်းပြုစုလျက်ရှိကြောင်း ဖော်ပြသည်။
ဇန်နဝါရီလအတွင်း စစ်ကောင်စီ လက်ချက်ကြောင့် ပြည်သူ ၁၁၅ဦး အသက်ဆုံးရှုံးခဲ့ရာ စစ်ကိုင်းတိုင်းမှ ၈၀ ဦး ပါဝင်သည်ဟုဆိုသည်။
ထို့အပြင်ဇန်နဝါရီလအတွင်းစစ်ကောင်စီတပ်ကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၇ဦး၊ စစ်ကောင်စီတပ်မတရားဖမ်းဆီးခဲ့သည့် အရပ်သား ပြည်သူ ၉၅ ဦးထက်မနည်းရှိခဲ့ကြောင်း လည်းအသိပေးသည်။
ထို့အပြင်ဖေဖော်ဝါရီ ၂ ရက်ကလည်း စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်၊ တံတားဦးကျေးရွာသို့ ဝင်ရောက်မွှေနှောက်ပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အိမ်တွင် ကျူရှင်တက်၍ပညာသင်နေသော (၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ခါးတွင် ကျည်ထိမှန် သေဆုံးခဲ့ကြောင်းဒေသခံများကပြောသည်။
စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ဇန်နဝါရီလအတွင်း အိမ်ခြေ ၅၀၇၉လုံး ပျက်စီးခဲ့ရာ စစ်ကိုင်းတိုင်းမှ ၄၇၀၀ ကျော် ပါဝင်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၂၀၀ ကျော်ပါဝင်သည်ဟု ဖော်ပြသည်။
တရားရေးဝန်ကြီးဌာနအနေဖြင့်စစ်ကောင်စီတပ်၏ ကျူးလွန်မှုများ၊ ချိုးဖောက်မှုများအပေါ် အမှန်တရားရှာဖွေဖော်ထုတ်ခြင်း၊ တရားမျှတမှု ရရှိအောင်ဆောင်ရွက်ခြင်း၊ ပြန်လည်ကုစားပေးခြင်း၊ ဖြစ်ရပ်ဆိုးများထပ်မံမဖြစ်ပွားစေရေးအတွက် အဖွဲ့အစည်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်း စသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်စီမံလျက်ရှိသည်ဟု ဆိုသည်။
ပြည်သူများအနေဖြင့်လည်းကောင်း၊ တော်လှန်ရေးအစုအဖွဲ့များအနေဖြင့်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း အာဏာသိမ်းဖြစ်စဉ်အတွင်း ဖြစ်ပွားနေသည့် ပြစ်မှု ကျူးလွန်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ သတင်းအချက်အလက် မှတ်တမ်းများ ပေးပို့ကြရန်နှင့် ပူးပေါင်းပါဝင်ပေးကြရန် တရားရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။
တရားရေးဝန်ကြီးဌာနအနေဖြင့်စစ်ကာင်စီတပ်ကျူးလွန်နေသောစစ်ရာဇဝတ်မှုများကိုစနစ်တကျမှတ်တမ်းပြုစု၍ တရားစွဲဆိုနိုင်ရေးအတွက် ကြိုးပမ်းပေရန် ပြည်သူတစ်ဦးကလည်းပြောသည်။
