ချင်းပြည်နယ် ဟားခါး အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၆၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးထပ်မံအလင်းဝင်ခိုလှုံလာကြောင်းချင်းကာကွယ်ရေးတပ်(CDF)-ဇိုဖေ(Zophei) ကယမန်နေ့တွင်သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၆ရက်က ခလရ (၂၆၆)တပ်ရင်းမှပြည်သူ့ဘက်တော်သား ၁ဦး MA1 သေနတ် ၁လက် ၊ ကျည်များနှင့်အတူ လာရောက်ပူးပေါင်းလာခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

လာရောက်ပူးပေါင်းမှုကို နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်းနှင့် ပြည်သူ့ဘက်သို့အလင်းဝင်ခိုလှုံလာသူပြည်သူ့ဘက်တော်သားအတွက် ထိုက်သင့်သော ဆုကြေးလက်ဆောင်ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ တပ်ဖွဲ့ဝင်အား လွတ်မြောက်နယ်မြေ သို့ ကောင်းမွန်စွာ ရောက်ရှိရေး တာဝန်ယူဆောင်ရွက်ပေးသွားမည်ဟု လည်း CDF ဇိုဖေက ထုတ်ပြန်ခဲ့သည်။
၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ခလရ(၂၆၆) တပ်ရင်းမှ တပ်သား ဇင်ကိုထက်၊ အောင်ဖြိုးမင်းနှင့် သက်နိုင်ထွန်းတို့သည် သေနတ် ၂လက်၊ လက်ပစ်ဗုံး ၃ခု၊ ကျည်ဆံ ၇၀၀ ကျော် ယူဆောင်ကာ အလင်းဝင်လာကြောင်း CDF – ဇိုဖေက အသိပေးထားသည်။ အလားတူ ၂၀၂၂ နှစ်ကုန်ပိုင်း၌ပင် ဟားခါးမြို့မှ ရဲစခန်းမှ ရဲတပ်သား တစ်ဦးလည်း လက်နက်နှင့်အတူ CDF – ဇိုဖေထံ အလင်းဝင်ခိုလှုံခဲ့သည်။
