အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မန်ကျည်းစောက်ကျေးရွာရှိအခြေခံပညာကျောင်းသူ၊ကျောင်းသား ကလေးငယ်များ၏ ကျောင်းသုံးစာအုပ်များကိုရေထဲပစ်ချဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်က စိုင်ပြင်မှတဆင့် မန်ကျည်းစောက်ကျေးရွာကို ဒုတိယအကြိမ်မြောက်ထပ်မံဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၉ လုံးမီးလောင်ပျက်စီးခဲ့သည်။


ထို့အပြင် ကျေးရွာရှိ အခြေခံပညာကျောင်းသားကျောင်းသူ ကလေးငယ်များ၏ ကျောင်းသုံး စာအုပ်များကို မူးဘောင်မှတဆင့် ရေထဲသို့ ပစ်ချသွားခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ ၁၆ရက်ကလည်းလက်ယက်ကုန်းကျေးရွာရှိကျေးရွာစာသင်ကျောင်းကို လေကြောင်းကပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများ စုစုပေါင်း (၁၂)ဦးသေဆုံးခဲ့ပြီး ၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်မှ ၉ ရက်အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ်ပေါင်းရာချီ မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ဆပ်ပြာကျင်းကျေးရွာနေအသက် (၈၄)နှစ်အရွယ် အဘိုးတစ်ဦး၊ အင်တိုင်းလေးကျေးရွာနေ အသက်(၈၅)နှစ်အရွယ် အဘိုးအိုတစ်ဦးတို့ မီးလောင်သေဆုံးပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်။
“ဒီနေ့လည်း လက်နက်ကြီးနှစ်ချက်ရမ်းပစ်တယ်။ မဲသည်ရွာဘက်ကျတယ်ကြားတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒီပဲယင်းမြို့နယ်တွင် အာဏာသိမ်းကာလတလျှောက် ဒီပဲယင်းမြို့နယ်အတွင်း နေအိမ်ပေါင်း ၄,၈၁၉ ကျော်ခန့် မီးရှို့ဖျက်ဆီးခံရပြီး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။
