စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပိုင်းဘေးရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်နေ၍ ပြည်သူ များ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးသည်။
ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် ၆ နာရီ မိနစ် ၄ဝခန့်က ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ ခမရ(၁၂)မှ လာသော စစ်ကောင်စီတပ်သည် ရွှေဘိုမြို့နယ် မောင်းတက်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ကော့ကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများကလည်း တအုံကျေးရွာသို့ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ရွှေဘို- ကျောက်မြောင်းလမ်းပိုင်းအား သွားလာအသုံးမပြုရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။
ဇန်နဝါရီ ၁၁ ရက် ညနေ ၄ နာရီခန့်ကလည်း ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် စစ်ကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခြောက်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။
