အွန်လိုင်းပေါ်မှ ချစ်ကြိုက်ပြီး စင်ကာပူနိုင်ငံမှ ပြန်လာပြီးရန်ကုန်လာရောက်တွေ့ဆုံသည့် အမျိုးသမီး ရွှေ၊ငွေ နှင့်အဖိုးတန်ပစ္စည်းများလုယက်၍အသတ်ခံရကြောင်း အသတ်ခံရသူနှင့် နီးစပ်သူများက ပြောသည်။
အသတ်ခံရသည့် မနှင်းဝေလှိုင်သည် စင်ကာပူနိုင်ငံတွင်အလုပ်လုပ်ကိုင်ရာမှ ဇန်နဝါရီ ၅ ရက်က မြန်မာနိုင်ငံသို့ ပြန်လာပြီးနောက် လှိုင်သာယာမြို့နယ် ၊စက်မှုဇုန် (၁) တပင်ရွှေထီးတာဝါအနီးရှိ တည်းခိုခန်းတွင် ဓားဒဏ်ရာများဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခံရခြင်းဖြစ်သည်။
“စင်ကာပူ ဒေါ်လာ ၆,၀၀၀၊ ရွှေတစ်စင်ဆာ၊လက်တော့တစ်လုံး၊ လက်ကောက်လေးကွင်း အကုန်ယူပြီး လူမြင်မကောင်းအောင် ဓားနဲ့အချက်ရေ ရေမတွက်နိုင်အောင်ထိုးခဲ့တာပါ”ဟု အသတ်ခံရသူ၏ သူငယ်ချင်းဖြစ်သူက ပြောသည်။
“သူမြန်မာနိုင်ငံပြန်လာတာကို သူ့မိဘလည်း မသိဘူး။ ရန်ကုန်က သူ့အဒေါ်လည်း မသိဘူး။ နောက်ပြီး သေနေတာကိုလည်း တည်းခိုခန်းက မသိဘူး။ CCTV ပြန်ကြည့်တော့မှ ဇန်နဝါရီ ၅ ရက်မှာ အဲဒီကောင်လေးနဲ့ ဝင်လာတယ်။ ဇန်နဝါရီ ၆ ရက်မှာ ကောင်လေးကတစ်ယောက် တည်းပြန်ထွက်သွားပြီး နောက်ရက်ကျမှ ကောင်မလေးက ဓားဒဏ်ရာဗရပွနဲ့ သေနေတာကို တွေ့ရတာ”ဟု ဖြစ်စဥ်ကို သိရှိသူတစ်ဦးက ပြောသည်။
မနှင်းဝေလှိုင်ကို သတ်ဖြတ်သွားသူဟု စွပ်စွဲခံရသူမှာ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာမှ ကိုအောင်သူရိန်ဖြစ်ကြောင်းလည်း အသတ်ခံရသူများနှင့်နီးစပ်သူများက ဆိုသည်။
လူသတ်ပစ္စည်းလုယက်ခံရမှုကို လှိုင်သာယာမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိပေ။
မနှင်းဝေလှိုင်သည် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနေသူဖြစ်ကာ စင်ကာပူနိုင်ငံတွင် လေးနှစ်ခန့်ကြာ အိမ်အကူအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။
စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း လုယက်သတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှုများပိုမိုများပြားနေသည်။ ရန်ကုန်မြို့တွင် ဇန်နဝါရီလဆန်းက အငှားယာဥ်ဖြင့် ပစ္စည်းလိုက်လံပို့သူတစ်ဦး အသတ်ခံခဲ့ရပြီး မန္တလေးမြို့တွင်လည်းအမျိုးသားတစ်ဦးကိုသတ်၍ အလောင်းကိုကားနောက်ခန်းတွင်ထားခဲ့သည်ကိုဇန်နဝါရီ ၈ ရက်ကတွေ့ရသည်။
