စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ကာ ထိုးစစ်ဆင်ဝင်ရောက်လာ၍ မြစ်ဘေးကျေးရွာများက ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ၁၁ ရက်) ည ၁၁နာရီခန့်က မန္တလေးတိုင်းဘက်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များကြောင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းမြစ်ရိုးတစ်လျှောက်ကျေးရွာများ အချိန်မတော်ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် စဉ့်ကူးမြို့နယ် ၊စီပင်ကျွန်းရွာဟောင်းဘက်နှင့် မြစိမ်းရွာတို့တွင် နှစ်ဖွဲ့ခွဲ၍ လက်နက်ကြီး နှစ်နေရာ တပ်ဆင်ခဲ့သည်။
ထို့နောက် မြစ်တစ်ဖက်ကမ်းရှိ ဝက်လက်မြို့နယ် အရှေ့ခြမ်း မြစ်ကမ်းဘေးရွာများအား လက်နက်ကြီး ၈ချက်ထပ်မနည်း ပစ်ခတ်ခဲ့ကြောင်း Wetlet Information Ntworkက အသိပေးသည်။
“အဲဘက်ကရွာတွေကတော့ အမြဲလိုလို ပြေးနေရတာပဲ။”ဟု ဝက်လက်နယ်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၁၀ရက် ညကတည်းက မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာမှ အင်အား ၅၀ခန့်ဖြင့် ဝက်လက်မြို့နယ် အရှေ့ခြမ်း မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် တရစပ် ပစ်ခတ်ခဲ့ကြောင်း ALDFအဖွဲ့ မြေပြင်သတင်းနှင့် ပြန်ကြားရေး Acidက ပြောသည်။
