စစ်အာဏာရှင်အား တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့သော မြောင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၈ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တစ်ဦးလျှင်ကျပ်တစ်သိန်းစီ ထောက်ပံ့ခဲ့သည်။
နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သော ရဲဘော်များအတွက် ထောက်ပံ့ငွေကိုအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအစီအစဥ်ဖြင့် ဇန်နဝါရီ ၁၁ရက်က ပေးအပ်ခြင်းဖြစ်သည်။
“မြောင်နယ်မှာကျဆုံးတဲ့စစ်သည်တွေအတွက်NUGက ထောက်ပံ့ငွေကို မိသားစုဝင်တွေလက်ထဲ ပေးအပ်ခဲ့ပါတယ်” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးကပြောသည်။

မြောင်လူငယ်ကွန်ရက် -YFC မှဦးဆောင်ကာ ကျဆုံးပြည်သူ့ရဲဘော်များ၏ မိသားစုဝင်များထံ ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည်မြောင်မြို့နယ်အပြင် အခြားဒေသများမှ တော်လှန်ရေးကာလအတွင်း ကျဆုံးပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူများကိုလည်းထောက်ပံ့နေသည်။
ထို့အပြင် စစ်ကိုင်းမြို့ ဒီပဲယင်းကွဲကျေးရွာတွင် ဇန်နဝါရီလ ၆ရက်က ဖြစ်ခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့သော ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးနှင့် အရပ်သားသုံးဦးအတွက်လည်းတစ်ဦးလျှင်တစ်သိန်းစီး ထောက်ပံ့ခဲ့ကြောင်းသိရသည်။
