စစ်ကိုင်းနှင့်မကွေးနယ်စပ်နေရာများကိုစစ်ကောင်စီတပ်က လေယာဥ်ဖြင့်နာရီပေါင်းများစွာကင်းထောက်သွားခြင်းမှာမြေပုံညွှန်းယူ ပစ်မှတ်တင်ခြင်းဖြစ်နိုင်၍ ဒေသခံပြည်သူများသတိပြုနေထိုင်ကြရန် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။
စစ်ကိုင်းနှင့်မကွေးနယ်စပ် ယောဒေသနှင့်ပုလဲမြို့နယ်ကို ဇန်နဝါရီ ၁၁ရက်တစ်နေကုန်နှင့် တစ်ညလုံး ကင်းထောက်သွားခြင်းဟု ယင်းမာပင်ခရိုင် တပ်ရင်း(၁၂)မှ PDF တပ်ဖွဲ့ဝင်ကိုနေမျိုးက People’s Spring သို့ပြောသည်။
” လေယာဥ်နဲ့ ကင်းထောက်တာ။ ကြီးလည်းကြီးတယ်။ နိမ့်လည်းနိမ့်တယ်ဗျ။ ဒရုန်းတွေနဲ့လည်း ကင်းထောက်တယ်။ ဒီပတ်ဝန်းကျင်တင်ပတ်ပြီး ကင်းထောက်နေတာ။မြေပုံညွှန်းယူပစ်မှတ်တင်ဖို့လို့ယူဆရပါတယ်” ဟုကိုနေမင်းကပြောသည်။
စစ်ကောင်စီကင်းထောက်လေယာဥ်နှင့် ဒရုန်းအချို့သည်ဂန့်ဂေါ၊ ပေါက်၊ ပုလဲနှင့်မြိုင်ဒေသကို နာရီပေါင်းများစွာ ကင်းထောက်ခဲ့ခြင်းဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
“ကျွန်တော်တို့ နယ်ကို ကင်းထောက်တာတွေ ပိုလုပ်လာတယ်။ ပြည်သူတွေကိုတော့ ဘေးလွတ်ရာနေရာတွေ အားလုံးဝိုင်း စီမံပေးထားတယ်” ဟုယောနယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ဂန့်ဂေါမြို့နယ် နေရာအများစုတွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဥ်များ ယခင်ကထက် အကြိမ်ရေများစွာ ပျံသန်းနေသည်ဟု Saw PDF တပ်ရင်း(၂) -YRPA ပြန်ကြားရေးတာဝန်ခံကလည်းပြောသည်။
စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်းထန်တလန်မြို့မှ ချင်းအမျိုးသားတပ်ဦးဌာနချုပ်နှင့် ကေအိုင်အေတပ်ရင်းအချို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ မြေပြင်တိုက်ပွဲများတွင် အထိနာနေပြီး အင်အားလည်းချိနဲ့လာသည့် စစ်ကောင်စီတပ်သည် လေကြောင်းအသုံးပြုကာ ပိုမိုတိုက်ခိုက်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သတိပေး ထားသည်။
