စစ်အာဏာရှင်ချုပ်ငြိမ်းရေး အချိန်အခါကောင်းဖြစ်၍ ဟန်ချက်ညီ ကြိုးပမ်းအားထုတ်ရန်လိုဟု ပြော
အာဏာသိမ်းစစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲကျင်းပရန် အားထုတ်နေ၍ စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်စေမည့် မည်သည့်ထောက် ပံ့မှုမျိုးကိုမဆို သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု နယ်မြေများ၌ ထိရောက်စွာဟန့်တားကြရန်လိုအပ်ကြောင်း ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး(PSLF/TNLA) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က ပြောကြားသည်။
ယနေ့ ကျရောက်သည့် နှစ် (၆၀)ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ မိန့်ခွန်း၌ PSLF/TNLA ဥက္ကဋ္ဌက ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အာဏာသိမ်းစစ် ကော်စီက စစ်အာဏာရှင်အဆက်ဆက် အာဏာတည်မြဲရေးအတွက် အတုအယောင် ရွေးကောက် ပွဲ ကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာတွေ တွေ့မြင်ရတယ်။ စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်မယ့် ဘယ်လိုထောက်ပံ့မှုမျိုးကိုမဆို သက်ဆိုင်ရာ တော်လှန်ရေး အင်အားစု နယ်မြေတွေမှာ ထိထိရောက်ရောက် ဟန့်တားကြဖို့လိုအပ်ပါတယ်။ ဒီဟန့်တားဖို့အခွင့်အရေးကို မိမိတို့ တော်လှန်ရေး အင်အားစုဘက်က အပြည့်အ၀ ပိုင်ဆိုင်ထားတယ်။ ဒီအခွင့်အရေးကို ကောင်းစွာ အသုံးချမှသာ နောင်လာနောက်သားမျိုးက်သစ်တွေက စစ်ကျွန်ဘ၀ကနေ လွတ်မြောက်နိုင်မှာ ဖြစ်တယ်”ဟု ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။




ယခု စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအား သုံးသပ်ကြည့်ပါက တိုင်းပြည်အတွင်းရှိ တိုင်းရင်းသား ပြည်သူအားလုံးက စစ်အာစာရှင် အဆက် ဆက်၏ ဖိနှိပ်ချုပ်ချယ်မှု အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းအားထုတ်မှုကို မြင်တွေ့လာရကြောင်းလည်း ၎င်းက ဆိုသည်။
လွတ်လပ်ရေးရယူပြီးနောက်ပိုင်း တောင်တန်းနေ တိုင်းရင်းသားတို့ အစဉ် ကြိုးပမ်းတောင်းဆိုလာခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်ရေးအတွက် အချိန်အခါကောင်း ရောက်ရှိနေပြီးဖြစ်၍ တော်လှန်ရေးအင်အားစုအားလုံး ယခု အခွင့်အလင်းအပေါ် လက်တွေ့ကျကျ ဟန်ချက်ညီညီ ဆက်လက် ဝိုင်းဝန်း ကြိုးပမ်းအားထုတ်ကြရန်လည်း PSLF/TNLA ဥက္ကဋ္ဌက တိုက်တွန်းသည်။
၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်အာဏာသိမ်းယူမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေးပဋိပက္ခအတွင်း တော်လှန် ရေးအင်အားစု များအချင်းချင်း စိတ်ရင်းစေနတာ မှန်ကန်စွာ တော်လှန်ရေး သစ္စာရှိရှိ အပြန်အလှန် လေးစားမှု၊ ကူညီပံ့ပိုးမှုနဲ့အပြန်အလှန် အသိအမှတ်ပြုမှု စံနှုန်းများကို ကိုင်စွဲထားရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အာဏာသိမ်းစစ်တပ်ကို လက်တွေ့ကျတဲ့ နည်းဗျူဟာနဲ့ တိုက်ခိုက်ရမှာ ဖြစ်သလို ဒေသခံတွေရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ လုံခြုံရေးတွေကိုလည်း အလေးထားဖို့လိုအပ်ပါတယ်”ဟု ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။
ယခုအချိန်တွင် စစ်အာဏာရှင်က မည်ကဲ့သို့ အကြောက်တရားများကို ဖန်တီးသည်ဖြစ်စေ ပြည်သူလူထုက နာကြည်းမှုအပြည့်ဖြင့် ခုခံတော်လှန်နေသည်မှာ ပြည်သူလူထုက စစ်အာဏာရှင်စနစ် လုံး၀ မလိုလားကြောင်း တုန့်ပြန်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီဖြစ်ရပ်တွေကို မြန်မာ့အရေးဆောင်ရွက်နေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးခေါင်းဆောင်တွေ လက်ခံ အသိအမှတ်ပြုပေးပြီး မြန်မာပြည်တွင်း တော်လှန်ရေးအင်အားစုများကို ကူညီထောက်ပံ့ကြဖို့ ဒီနေရာကနေ တောင်းဆိုပါတယ်”ဟု TNLA ဥက္ကဋ္ဌက ပြောကြားသည်။
