ပြည်တွင်းရွှေဈေးအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်းခန့်သို့ ပြန်လည်မြင့်တက်လာကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များကပြောသည်။
ပြင်ပရွှေပေါက်ဈေးမှာ ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းက အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၆၈၀,၀၀၀ရှိရာမှ ၂၀၂၃ ဇန်နဝါရီ ၁၀ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားကျပ် ၂,၇၈၅,၀၀၀ အထိတဖြေးဖြေးတက်လာခြင်းဖြစ်သည်။
ထိုသို့ဈေးပြန်တက်လာခြင်းမှာကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး ၂၀၂၂ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ရွှေတစ်အောင်စလျှင် ၁၇၆၂ ဒေါ်လာရှိခဲ့ရာမှ ၂၀၂၃ ဇန်နဝါရီ ၁၀ ရက်တွင် တစ်အောင်စ ဒေါ်လာ ၁၈၇၂ အထိမြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်အချို့ကပြောသည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၂၂ သိန်းကျော်သာ ဈေးဖွင့်ထားသည်။
“ကမ္ဘာ့ဈေးနှုန်းကြောင့် ဈေးတက်လာတဲ့သဘောပဲ။ စစ်ကောင်စီက တင်းကျပ်ထားပေ့မယ့် ဈေးက တဖြေးဖြေးတက်နေတာ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီက ရွှေဈေးမြင့်တက်ခြင်းကို ထိန်းချုပ်ထားပြီး ရွှေဈေးနှုန်းမြင့်တင်ရောင်းချသည့် ရွှေလုပ်ငန်းရှင်များကိုမတရားဖမ်းဆီးခြင်းများပြုလုပ်လျက်ရှိသည်။
စစ်တပ်အာဏာသိမ်းထားခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် ၂၀၂၂ စက်တင်ဘာ ၃၀ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင်ဈေးအများဆုံးကျပ် ၃၂ သိန်းအထိမြှင့်တက်ခဲ့သည်။
