စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီယာဥ် သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်က ဗိုလ်တိုက်ဂါးက ပြောကြားသည်။
ယမန်နေ့ (ဇန်နဝါရီ ၇ ရက်) နံနက် ၆ နာရီခန့်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ ထွက်လာသော စစ်ကောင်စီ ယာဉ်သုံးစီးအား မြင်းမူမြို့နယ် ဂွေးပင်တောရွာနှင့် နတ်ရေကန်ရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်တိုက်ဂါးက ပြောသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း၊ ထိခိုက်သေဆုံးသူများအား ချောင်းဦးမြို့ကိုသယ်သွားကြောင်း ၊ ဇန်နဝါရီ ၄ ရက် ကကျဆုံးသွား ရဲဘော် 99 အတွက် လက်တုန့်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်တိုက်ဂါးက ပြောသည်။
ယနေ့ (ဒီဇင်ဘာ၈ ရက်)တွင်လည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်း PDF များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
