စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် ယနေ့နံနက်ပိုင်းက အင်အားအပြည့်လိုက်ပါလာသော စစ်ကောင်စီယာဥ်တန်းအား ငါးကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Knight Defense Force Myinmu က သတင်းထုတ်ပြန်သည်။
ယနေ့ (ဒီဇင်ဘာ၂၆ ရက်)နံနက် ၃ နာရီ ၁၅မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းတပ်မ (၃၃)မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် အင်အားအပြည့်ပါ စစ်ကောင်စီယာဥ် သုံးစီးကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြား၌ ငါးကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း People’s Knight Defense Force Myinmu က အသိပေးသည်။
“စစ်ယာဉ်တန်းကို ငါးကြိမ်မိုင်းဆွဲခဲ့တယ်။ ကား သုံးစီးလုံးထိထိမိမိမှန်ပြီး အများအပြားထိခိုက် သေဆုံးနိုင်တယ်။ စ…(စစ်ကောင်စီတပ်သား) ကားပေါ်က ပြန်လည်ပစ်ခက်မှုတွေရှိပေမယ့် တော်လှန်ရေးအဖွဲ့သားများ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။”ဟု People’s Knight Defense Force Myinmu အဖွဲ့က ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို People’s knight Defense Force Myinmu ( PKDF-MMU)နှင့် People’ Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စသည့် ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
မုံရွာ – မန္တလေးလမ်းမကြီးပေါ်၌ စစ်ကောင်စီယာဥ်များအား ဒေသတွင်း PDFအဖွဲ့များက မကြာခဏမိုင်းဆွဲတိုက်ခိုက်နေပြီး ပြည်သူများ စစ်ကားများနှင့် အနီးကပ်လိုက်ပါခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။
