စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ၃ရက်အတွင်း ကျေးရွာငါးရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၅ရက်က ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းမှစတင်ကာ ဘင်္ကားကျေးရွာ၊ ဖောင်းကတာရွာ၊ ကျောက်ဖြူတိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဘင်္ကားရွာမှ ပြည်သူ့နေအိမ် နှစ်လုံး၊ ကျောက်ဖြူတိုင်ကျေးရွာမှ နေအိမ် ၁၀၀ ကျော်၊ ဖောင်းကတာကျေးရွာမှ နေအိမ်၆၅ လုံးထက်မနည်း မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ယမန်နေ့(ဇန်နဝါရီ ၇ ရက်) ညပိုင်းကလည်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ၍ ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံပြည်သူ ၁,၀၀၀နီးပါးသည် ညအချိန်မတော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

“ရွာတွေကို တိုက်ပွဲမရှိဘဲမီးရှို့တာ။ ဒီနေ့ကောထပ်ရှို့တာ။ ကျွန်တော်တို့ စစ်ရှောင်ပြည်သူတွေလည်း အရမ်းခက်ခဲနေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ (ဇန်နဝါရီ ၈ရက်) နံနက်ပိုင်းတွင်လည်း ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်(မြောက်)ရွာနှင့် ကိုင်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ဆားလင်းကြီးနယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီဥတုအေးလွန်းနေ၍ အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
