စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရန် ပြင်ဆင်နေစဥ် တော်လှန်ရေးရဲဘော်၅ဦး မိုင်းမတော်တဆမှုကြောင့် အသက်ဆုံးရှူံးခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ (သြဂုတ်၄)မွန်းလွဲပိုင်းက ရွှေဘို-မန္တလေးလမ်းပေါ်၊ဝက်လက်မြို့နယ်၊ ဧကုန်းကျေးရွာနှင့်မောက်ကြိုးကျေးရွာကြားတွင် မိုင်းပေါက်ကွဲ၍ PDF တပ်ဖွဲ့ဝင်၅ ဦးကျဆုံးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ကားလမ်းမပေါ်မိုင်းထောင်ရန် မိုင်းအသက်သွင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုကြောင့် အသက် ၁၉နှစ်၊ ၂၈နှစ်၊ ၃၂ နှစ်၊ ၄၅နှစ်၊ ၄၈ နှစ်အရွယ် အမျိုုးသား၅ဦး ကျဆုံးခဲ့ပြီး အခြားအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထိုရဲဘော်၅ဦးသည် မည်သည့်အဖွဲ့က ဖြစ်သည်ကို မသိရသေးဘဲ ဒေသတွင်းအဖွဲ့များဘက်လည်း တစ်စုံတရာထုတ်ပြန်ခြင်းမရှိသေးပါ။
သြဂုတ်လ၃ရက်နေ့ည၉နာရီခွဲခန့်ကရွှေဘို-မန္တလေးလမ်းမပေါ်၊ စစ်ကိုင်းမြို့နယ် ရုံးပင်ကန်ကြားနှင့် သစ်ချိုကုန်းရွာကြားတွင် စစ်ကိုင်းဘက်မှ ရွှေဘိုဘက်ထွက်ခွာလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ၁၂ ဘီးကား ၂ စီးကားကိုPDFများကမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
