စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့အား ဒေသတွင်း PDFများကဇူလိုင်၁၄ ရက်မှ ၂၂ ရက်အထိ့အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ဦးကျော် သေဆုံးကြောင်း နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇူလိုင်လ ၂၂ ရက်)ကမခေါက်ရွာမှထွက်လာသည့် အကြမ်းဖက်စစ်တပ်အား အဝေးထိန်းမိုင်းများဖြင့်ဖေါက်ခွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သားနှင့်ပျူ ၈ ဦးသေဆုံးနိုင်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ကြောင်းဝင်လာချိန် ရှေ့မှမိုင်းကြိုထောင်စဉ်မိုင်းကွဲခဲ့၍ ရဲဘော်တစ်ဦးလည်း ထိုတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည်ဟုအသိပေးသည်။
မခေါက်ရွာနှင့်ပတ်သက်၍နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက”မခေါက်ရွာသားတွေကိုသင်တန်းပေးပြီးလက်နက်တွေလဲပေးထားတယ်။မခေါက်ရွာကတစ်ရွာလုံးနီးပါးပျူတွေပါ။ မခေါက်ရွာအနီးတဝိုက်ကတော့သေနတ်သံ အမြဲတမ်းလိုလိုကြားလေ့ရှိတယ်။ သူတို့သင်တန်းပေးတာလဲရှိတယ် တခါတလေ မူးရူးရမ်းကားပြီး ပစ်တာတွေလဲရှိတယ်။”ဟု ပြောသည်။
ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းကလည်း မခေါက်ရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည်ရွာတောင်ဘက်ရှိကျောက်ကြမ်းတောင်ဘက်သို့နယ်မြေရှင်းလင်းရန် ထွက်လာစဥ် ပျူများကရှေ့ဆုံးကတက်လာရာအဝေးထိန်းမိုင်းဖြင့် ဖေါက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူများထိုနေရာမှာပင် လဲကျသွားသည်ဟု နတ်တောင်နဂါးအဖွဲ့က ပြောသည်။
အချိန်အနည်းငယ်အကြာတွင်မှစစ်ကူစစ်သားများကလာ၍ပျူ အလောင်းလေးလောင်းအား ကောက်ကာမခေါက်ရွာဘက်သို့ပြန်ဝင်သွားကြောင်းနတ်တောင်နဂါးအဖွဲ့ကအသိပေးသည်။
ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း နယ်မြေရှင်းလင်းရန် အကြမ်းဖက်စစ်တက်က ချီတက်လာ၍ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးမှ ဦးဆောင်သူအကြမ်းဖက်စစ်သား သေဆုံးကြောင်း နတ်တောင်နဂါးအဖွဲ့က ပြောသည်။
အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေများကိုPeople’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယနေ့ (ဇူလိုင် ၂၃) ညနေပိုင်းကလည်း ရွှေဘို-မန္တလေးလမ်းပေါ်၌ အကြမ်းဖက်စစ်တပ်၏ ခြေလျင်စစ်ကြောင်းအား မဟာမိတ်အဖွဲ့များပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ သေဆုံးထိခိုက်မှုအခြေအနေကိုမူမသိရပေ။
