ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေအတွင်းရှိ တော်လှန်ရေးအင်အားစုများအနေဖြင့် ဩဂုတ် ၁၀ရက် နောက်ဆုံးထား၍ မှတ်ပုံတင်ပေးရန် KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီက ယနေ့ထုတ်ပြန်သည်။
ယခုကဲ့သို့မှတ်ပုံတင်ခြင်းကိစ္စဆောင်ရွက်ရခြင်းမှာနယ်မြေအတွင်းရှိ အစုအဖွဲ့များ၏ အင်အားကို သိရှိရန်၊ နယ်မြေအတွင်း ရန်သူ့ဘက်မှ အသွင်ယူ လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ခြင်း ရှိမရှိ သိရှိရန်နှင့် နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများအား စနစ်တကျ ကွပ်ကဲနိုင်ရန်အတွက်ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အပြင် တော်လှန်ရေးအင်အားစုများ အချင်းချင်း ဆက်သွယ်ချိတ်ဆက်မှု ကောင်းမွန်စွာဖြင့် အာဏာရှင်စနစ်အား အမြတ်ပြတ်ချေမှုန်းနိုင်ရန်အတွက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အသိပေးချက်ကို KNU သထုံခရိုင် တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ အတွင်းရှိ တော်လှန်ရေး အဖွဲ့များ သိရှိလိုက်နာ ဆောင်ရွက်ရန် ၊ သတ်မှတ်ရက်ကျော်လွန်သည်နှင့် မှတ်ပုံတင်ခြင်းကိစ္စရပ်အား ရပ်နားမည်ဖြစ်ကြောင်း အသိပေးထားသည်။
KNU သထုံခရိုင်တွင် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ဘားအံ(ဖားအံ) ပေါင် စသည့် ဒေသများပါဝင်သည်။
ယခုကဲ့သို့ မှတ်ပုံတင်ခြင်း ကိစ္စရပ် ဆောင်ရွက်ရန် ကြေညာချက်အပေါ် မေးမြန်းရန် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။ အဆိုပါ ကော်မတီကို KNU တပ်မဟာ(၁)က ဦးဆောင်ပြီး ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ၊ စုပေါင်းကာ သထုံခရိုင် အတွင်း စစ်ဖက်ရေးရာကိစ္စရပ်များအတွက် သီးခြားဖွဲ့စည်းထားခြင်းဖြစ်သည်။
