မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦး ရှင်းလင်းခံရ၍ ထိုနှစ်ဦးနေထိုင်ရာ ရွာနှစ်ရွာမှ ပြည်သူ ၂၀ ကျော်ကိုစစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(သြဂုတ်လ၄ရက်) ည၁၂နာရီခန့်က လယ်သစ်ရွာနှင့် ကျောက်ပြုတ်ရွာမှ ရွာသူ၊ရွာသားအနည်းဆုံး ၂၁ဦးကို အကြမ်းဖက်စစ်တပ်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လယ်သစ်ရွာမှ အနည်းဆုံး၉ဦး၊ကျောက်ပြုတ်မှအနည်းဆုံး၁၂ဦး ဖမ်းဆီးခံရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြသည်။
ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။
ကျောက်ပြုတ်ရွာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးမောင်မြင့်နှင့် လယ်သစ်ရွာသားလက်နက်ကိုင်ပျူစောထီးမောင်နိုင်ဆိုသူတို့သည် သြဂုတ် ၃ရက်ည၇နာရီခန့်က မြင်းခြံမြို့နယ်ကျောက်ပြုတ်ရွာနှင့် လယ်သစ်ရွာကြား၌ မြင်းခြံ PDF အဖွဲ့ဝင်များက သေနတ်ဖြင့်ရင်ဘက်လေးချက်စီပစ်ခတ်ရှင်းလင်းခဲ့သည်။
ရှင်းလင်းသုတ်သင်ရာတွင် ဗုံးသီးတစ်လုံး၊ ဓားဆူးတစ်ချောင်း၊ လေးခွတစ်လတ် သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံ PDFက အသိပေးသည်။
