ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် မြ၀တီ -ဝေါ်လေလမ်း၌ ယနေ့တစ်နေကုန်တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်မှအနည်းဆုံး၁ ဦးသေဆုံးပြီး ၄ဦးထက်မနည်းဒဏ်ရာရရှိကာပြန်လည်ဆုတ်ခွာသွားကြောင်း ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ယနေ့ (ဩဂုတ် ၅) ရက်နေ့ မနက် (၈)နာရီကျော်ခန့်မှ စတင်၍ မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးရှိ နေရာ တစ်ခုပေါ်သို့ တပ်မ (၄၄) လက်အောက်ခံ အကြမ်းဖက်စစ် ကောင်စီတပ်များမှ လက်နက်ကြီးများ တရစပ် ပစ်ခတ်ကာ အင်အားအလုံးအရင်းဖြင့် ကျူးကျော်ရန် ကြိုးစားလာရာ ကော်ဘရာ စစ်သည်များနှင့် တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့သည်ဟုဖော်ပြထားသည်။
ညနေပိုင်းအထိတိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်များ အထိအခိုက် များပြားစွာဖြင့် ပြန်လည်ဆုတ်ခွာသွားကြကြောင်း ဖော်ပြထားပြီး စစ်မြေပြင်သတင်းပေးပို့ချက်အရ အနည်းဆုံး အကြမ်းဖက်စစ်ကောင်စီ တပ်သား (၁)ဦး သေဆုံးကာ (၄)ဦးထက် မနည်း ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ ကော်ဘရာ စစ်သည် (၂)ဦးလည်းဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။
ဇွန်လကုန်တွင် ဥကရစ်ထ စစ်ကောင်စီစခန်း တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များသည်ကော်ဘရာစစ်ကြောင်းရှိရာ မြ၀တီ – ဝေါ်လေလမ်း တလျှောက် ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားစွာဖြင့် ဆုတ်ခွာထွက်ပြေးရသည့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။
