မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးနေရာတစ်ခုမှာ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား ဒီနေ့တစ်နေ့လုံး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုများပြားစွာနဲ့ ပြန်ဆုတ်ခွာသွားရတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ဒီကနေ့ ဩဂုတ်(၅)ရက် မနက်(၈)နာရီကျော်ခန့်ကစပြီး မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးရှိ နေရာတစ်ခုပေါ်ကို စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံတပ်တွေက လက်နက်ကြီးတွေတရစပ်ပစ်ခတ်ခဲ့ပြီး အင်အားအလုံးအရင်းနဲ့ ကျူးကျော်ဖို့ အပြင်းအထန်ကြိုးစားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီလိုစစ်ကောင်စီတပ်က ကျူးကျော်လာတာကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ ကော်ဘရာစစ်သည်တော်တွေနဲ့ တစ်နေ့တာလုံး ရင်ဆိုင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း အများအပြားပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းကဆိုထားပါတယ်။
ဒီကနေ့တိုက်ပွဲမှာတော့ ကော်ဘရာစစ်ကြောင်းဘက်က စစ်သည်တော်နှစ်ဦး ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
