စစ်ကောင်စီတပ်သား ၁၇ ဦး သေဟုဆို
စစ်ကိုင်းတိုင်း၊ မြင်းမူနှင့်အရာတော်နယ်စပ်တွင် တောကျီးကန်းစစ်ဆင်ရေးအဖြစ် အင်အား ၆၀ ကျော်ပါ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခြေကျင်စစ်ကြောင်းအား ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးကြောင်း ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က သတင်းထုတ်ပြန်သည်။
ယမန်နေ့(သြဂုတ်၄ရက်) နံနက် ၁၀နာရီခွဲခန့်က မြင်းမူနယ်နှင့် အရာတော်နယ်စပ် ၊ ရွာသာနှင့် မင်းရွာကျေးရွာကြားတွင် ကျေးရွာများမှ ပစ္စည်းများယူဆောင်ကာ ခြင်းကြားများဖြင့် ထမ်းပိုးလာသော စစ်ကောက်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နယ်မြေခံ တော်လှန်ရေးအဖွဲ့အချိူ့ လိုက်ပါ၍ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)၏ တောကျီးကန်း ၇ကောင် (ရဲဘော်၇ဦး)က ပေ(၁၅၀) အကွာတွင် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၇ ဦးအား လယ်ကွင်းပြင်တွင် ရှင်းလင်းနိုင်ခဲ့ကြောင်း ZEROပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး ရဟတ်ယာဉ်ပစ်ကူရောက်ရှိလာသော်လည်း ရဲဘော်များ အထိအခိုက်မရှိဟု ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ZEROပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူက “သူတို့ကို လိုက်ပြီး ချောင်းမြောင်းနေခဲ့ရင်းနဲ့ သူတို့က ရှေ့ပြေးဒရုန်းတစ်စီး ဝဲတယ်ဗျ။ ဝဲပြီး သူတို့သွားမယ့်လမ်းကြောင်းကိုကြည့်တယ်။ ကျွန်တော်တို့ကလည်း သူတို့ဒရုန်းကိုလိုက်ထောက်တယ်။ နောက် ဒရုန်းဆင်းတဲ့ နေရာကိုကြည့်ပြီးတော့ ထွက်မယ့်လမ်းကြောင်းကနေ ကြိုတင်စောင့်ဆိုင်းပြီးတော့မှ လယ်ကွင်းထဲရောက်တဲ့အချိန်မှာ တောကျီးကန်းလေး ၇ ကောင်က ဖြတ်ပြီးတော့ တိုက်ခဲ့တာပါ။ အခုချိန်ထိ အလောင်းတွေလာကောက်တာ မရှိသေးပါဘူး။”ဟု ပြောသည်။
သေဆုံးထိခိုက်မှုများနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယမန်နေ့ ဩဂုတ် ၄ရက်တွင် အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ်စပ်ရှိ ကံပြား၊ ခွက်ခွင်း၊ ရသာ နှင့် မင်းရွာတို့ကို စစ်ကြောင်းထိုးနေသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်း နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း Zayar 7 -Sagaing ARA က ထုတ်ပြန်ထား သည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု မရှိသော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။
