ပြည်သူလူထုထောက်ပံ့မှုမှတဆင့် တပ်ဖွဲ့ဝင်ရဲဘော်များထံ အိတ်ဆောင်ပိုက်ဆံ ထုတ်ပေးနိုင်ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးတိုင်း (MDY-PDF)က ယနေ့(သြဂုတ် ၅)တွင် အသိပေးထုတ်ပြန်သည်။
MDY-PDF မှ ရဲဘော်များအတွက် ပြည်သူများမှ ပေးပို့လှူဒါန်းသော အလှူငွေများဖြင့် လစဉ်အိတ်ဆောင်ပိုက်ဆံများ ဝေငှပေးနိုင်ခဲ့သည်မှာ နှစ်လတိုင်တိုင်ရှိခဲ့ပါပြီဖြစ်ပြီး ရဲဘော်တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်းဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရဲဘော်များအားလုံးကို ဖြန့်ဝေပေးရခြင်းဖြစ်တဲ့အတွက် ငွေပမာဏ အရ နည်းပေမယ့် အဆိုပါ အိတ်ဆောင်ပိုက်ဆံများဟာ ပြည်သူလူထုကနေတဆင့် စီးဝင်လာတဲ့ငွေများဖြစ်တဲ့အတွက် ပြည်သူနှင့် PDF အကြား တော်လှန်ရေးဝတ်မှုံကူးခြင်းလည်း ဖြစ်ပါတယ်”ဟု MDY-PDF က ဖော်ပြသည်။


ပြည်သူများအနေဖြင့်လည်း မိမိတို့လှူဒါန်းလိုက်သော အလှူငွေများ PDF ရဲဘော်များထံ လက်ဝယ်လက် ရောက် ရောက်ရှိသွားသည်ကိုမြင်ရပြီး ပီတိဖြစ်နိုင်သလို PDF ရဲဘော်များအနေဖြင့်လည်း နောက်ကျောမှာ ပြည်သူလူထုတစ်ရပ်လုံးရှိသည်ဟု ခံစားရသည့်အတွက် အင်မတန်မှ စိတ်နွေးရသည်ဟုလည်းအသိပေးထားသည်။
“ပြည်သူနှင့် PDF တော်လှန်ရေးဝတ်မှုံကူးလို့ အောင်ပွဲဆီသို့ ချီတက်ကြပါစို့ “ဟု MDY-PDF က တိုက်တွန်းထားသည်။
