စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသည့် စစ်ကောင်စီရေယာဥ် နှစ်စီးသည် ချင်းတွင်းမြစ်ဘေးရှိကျေးရွာများကို ဝင်ရောက်မွှေနှောက်နေကြောင်း Dragon Brothers Task Force က ထုတ်ပြန်သည်။
ယနေ့(ဇူလိုင် ၂၃ ရက်) နံနက် ၅နာရီခွဲခန့်ကစ၍ ပန်းတိမ်ပြင် နှင့် ကျောက်မှော်ကျေးရွာတို့ကို ပစ်ခတ်၍ ဝင်ရောက်နေသည်ဟု ဆိုသည်။
“စစ်ကောင်စီဖလက်(၂)စီး ရွာထိပ်နားမှာ အသားကုန်ပစ်ပြီး ကမ်းနားကပ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးနေကြရပါတယ်”ဟု DBTF က ပြောသည်။
ယမန်နေ့ ဇူလိုင်(၂၂ ရက်)ကလည်း စစ်ကောင်စီ ရေယာဥ် နှစ်စီးဆန်တက်စဥ် ရွှေစာရေးရွာ အောက်ဖက်အနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ဇူလိုင် ၁၈ရက်မှစ၍ မုံရွာမြို့ မင်းဒေါင့်ဆိပ် ကမ်းမှစတင်ထွက်ခွာလာသည့် စစ်ကောင်စီ ၏ရေယာဥ်အုပ်စုတွင် အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ် နှစ်စီးအပါအဝင် ရေယာဥ် ၁၃ စီး နှင့် အင်အား ၁၀၀ ကျော်ပါဝင်ပြီး ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆက်တက်လာနေကြောင်း ဒေသတွင်း PDFများက သတိပေးထားသည်။
အဆိုပါရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့သို့ စစ်ကောင်စီက လက် နက်ခဲယမ်း ရိက္ခာများကိုပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သင်္ဘောတစ်စီးနှင့် ပြောက်ကျား စစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း၌ ဇူလိုင်ပထမပတ်တည်းက တပ်စွဲခဲ့ခြင်းဖြစ်သည်။
