အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် သို့ရောက်ရှိလာ၍ ဒေသခံပြည်သူများအနေဖြင့်
ဘေးကင်းလုံခြုံရေးကိုသာ အဓိက ဦးစားပေးကြရန် မိုးဗြဲ PDFက သတိပေးထုတ်ပြန်သည်။
ယမန်နေ့(ဇူလိုင် ၂၂ ရက်) ည ၁၀ နာရီခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က မိုးဗြဲမြို့ပေါ် နေရာအချို့တွင် တပ်စွဲလိုက်ခြင်းဟု ဆိုသည်။
“စောင့်ကြည့်နေရတဲ့အခြေအနေပေါ့ ။လောလောဆယ်တော့ အခြေအနေ ငြိမ်နေသေးတယ် “ဟု Mobye Resue Team အဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့ပေါ်တွင် စနစ်တကျ အထိုင်ချနိုင်ရန် စစ်ကောင်စီက ယခုလတတိယပတ်ကစ၍ ကြိုးပမ်းနေသည် ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေးသည်။
ဝါရီဆူးပလိုင်၊နန်းမယ်ခုံ၊ ကျွန်းတော၊ဒေါကမီး၊ ပူဖားနှင့် ဒေါငံခါး တကြောလုံးကို စစ်ရေးအရထောက်ပို့ နိုင်ရန် မိုးဗြဲမြို့ကို စစ်ကောင်စီက ရယူလိုခြင်းဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များက သုံးသပ်သည်။
ထို့ကြောင့် ဇူလိုင် ၁၈ ရက်ကစ၍ မိုးဗြဲမြို့ပေါ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် မဟာ မိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ ခုခံခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်က ဇူလိုင် ၂၀ ရက်တွင် မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် ယခုအခြေအနေမှာ ဒုတိယအကြိမ် မြို့ပေါ်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
