ဂျီနိုဆိုက်ကွန်ဗင်းရှင်းချိုးဖောက်သည်ဆိုကာ ဂမ်ဘီယာက မြန်မာကို စွဲဆိုထားသောအမှုတွင် စစ်ကောင်စီ၏ ကနဦးလျှောက်လဲချက်များကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)
ကငြင်းပယ်ကြောင်း ယနေ့ဆုံးဖြတ်သည်။
အာဏာသိမ်းစစ်ကောင်စီ၏ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တင်သွင်းခဲ့သော ကနဦးလျှောက်လဲချက် ၃ ခုကို ICJ တရားသူကြီးအားလုံးက တညီတညွတ်တည်းပယ်ချခဲ့ပြီး လျှောက်လဲချက် ၁ ခုကို တရားသူကြီး ၁၅ ဦးက ပယ်ချကာ တရားသူကြီး တစ်ဦးက ထောက်ခံခဲ့သည်။
ထို့အတွက် စစ်ကောင်စီ၏ ကနဦးလျှောက်လဲချက်များမှာ အရေးနိမ့်ခဲ့ပြီး ဂျီနိုဆိုက်ကွန်ဗင်းရှင်းကို ချိုးဖောက်သည်ဆိုသော ဂမ်ဘီယာ၏ စွဲဆိုချက်ကို ICJ ရုံးတော်က ဆက်လက်စစ်ဆေးကြားနာ မည်ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှုသည်ဟုဆိုကာ ဂမ်ဘီယာက မြန်မာကို ၂၀၁၉ နိုဝင်ဘာတွင် ICJ ၌ စတင်တရားစွဲဆိုခဲ့ပြီး ထိုစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က သွားရောက် ငြင်းဆိုခဲ့ သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ခံအမတ်အများစုဖြင့် ဖွဲ့စည်းခဲ့သော အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကမူ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင် ၎င်းတို့တင်သွင်း ငြင်းဆိုခဲ့သော ကနဦးလျှောက်လဲချက်များကို ပြန်လည်ရုတ်သိမ်းကြောင်း ICJ သို့ အကြောင်းကြားခဲ့သည်။
၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းယူအပြီးတွင် ICJ အမှုကို ဆက်လက်ငြင်းဆိုခဲ့ရာ လက်ရှိတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအပေါ် ဂန်ဘီယာနိုင်ငံက ရိုဟင်ဂျာဂျီနိုဆိုဒ်ရာဇဝတ်မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုထားတဲ့အပေါ် လက်ခံစီရင်ခွင့်မရှိဘူးလို့ စစ်ကောင်စီဘက်က ကနဦးကန့်ကွက်ချက်တွေကို ICJ တရားသူကြီးအားလုံးက တစ်ညီတစ်ညွတ်ထည်း ပယ်ချလိုက်ပါတယ်။ ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါပြီ။အရေး
ကြီးတဲ့အဆင့်တစ်ဆင့် အောင်မြင်သွားတာဖြစ်သလို ရိုဟင်ဂျာပြည်သူများရဲ့ အမှန်တရားနဲ့ တရားမျှတမှုအတွက် ခြေလှမ်းတဆင့် တိုးလာပါပြီ”ဟု NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ၏ဖေစ်ဘွခ်တွင်ရေးသားထားသည်။
“NUG အစိုးရအနေနဲ့ ICJ ရဲ့တရားစီရင်ချက်အပေါ် ငြင်းပယ်ခဲ့တာကို ပယ်ဖျက်ခဲ့ပြီး စီရင်ရာမှာပူးပေါင်းဆောင်ရွက်မယ်လို့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလထဲက ကြေညာထားပြီးသားပါ”ဟုလူ့အခွင့်အရေးဝန်ကြီးကဆက်လက်ရေးသားသည်။
