စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း နိုင်ငံပိုင်သယံဇာတများ သယ်ယူကူးသန်းမှုကို အခွန်၊ဒဏ်ကြေး၊ လိုင်စင်ကြေးများ ကောက်ခံခြင်းများအား စီမံဆောင်ရွက်နေကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာသည်။
အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ယမန်နေ့ ဇူလိုင်လ (၂၁) ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
တန့်ဆည်မြို့နယ်အတွင်း ဖြတ်သန်းသွားမည့် သစ်နှင့်သစ်တောထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်းများကို စနစ်တကျစီမံဆောက်ရွက်ခြင်းနှင့် နိုင်ငံပိုင်သယံဇာတများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စီမံဆောင်ရွက်နိုင်ရန် “သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့”ကို ဖွဲ့စည်းထားရှိပြီးဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။
တန့်ဆည်မြို့နယ်အတွင်းဖြတ်သန်းသွားသော သစ်နှင့်သစ်တောထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာများ၊ စက်မှုတွင်းထွက်ကုန်ကြမ်းပစ္စည်းများ(ကျောက်မီးသွေး)ကို
သယ်ယူကူးသန်းပါက တန့်ဆည်မြို့နယ် သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့မှ ခွင့်ပြုခြင်း၊ အခွန်/ ဒဏ်ကြေး/ လိုင်စင်ကြေးများ ကောက်ခံခြင်းများကို စီမံဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သို့ဖြစ်ပါ၍ “သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့” ၏ ခွင့်ပြုချက်မရှိဘဲ အခြားမည်သည့် အဖွဲ့အစည်းမျှ အဆိုပါလုပ်ပိုင်ခွင့်များကို ၀င်ရောက်လုပ်ကိုင်ခြင်း၊ ဟန့်တားခြင်းမပြုရန်နှင့် မြို့နယ်အတွင်းဖြတ်သန်းသွားမည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် “သယံဇာတစီမံအုပ်ချုပ်မှုမြို့နယ်အဖွဲ့” ၏ လမ်းညွှန်ချက်များအတိုင်း ချိတ်ဆက်ဆောင်ရွက်ကြပါရန် တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေညာထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပကဖများ၊ပအဖများ၊ PDF များ ၊တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များကို စိုးမိုးမှုနယ်မြေအလိုက် အခွန်စနစ်တကျကောက်ခံခွင့်ကို ခွင့်ပြုထားသည်။
