ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ဘတ်ဂျက် ချမှတ်သည့် လုပ်ငန်း များကို မည်သည့်ကုမ္ပဏီအဖွဲ့အစည်းကိုမှ ဆောင်ရွက် ခွင့်ပြုမည်မဟုတ်ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြန်လည်ထုတ်ပြန်ကြေညာခဲ့သည်။
ဇူလိုင် ၁၉ရက်က မင်းတပ်မြို့နယ်(ပအဖ)က မင်းတပ်မြို့နယ်အတွင်း ပြည်သူလူထု၏ အကျိုးကို ထောက်ရှု၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်တင်ဒါအောင်သော ဒေသခံ ကုမ္ပဏီများကို တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုရန် ကြေညာချက်ကို ပြန်လည် ပြင်ဆင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။
ဇူလိုင် ၁၉ရက် ကြေညာချက်သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည့် သဘော သက်ရောက် ခြင်း၊ လုံခြုံရေးအမြင်အရ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာများအထိ လျှို့ဝှက်စိမ့်ဝင် လာနိုင်ခြေရှိခြင်း တို့ကို ပြန်လည်စိစစ်သုံးသပ်ရ၍ စစ်ကောင်စီက ဘတ်ဂျက်ချမှတ်သည့် လုပ်ငန်းများကို မည်သည့် ကုမ္ပဏီ အဖွဲ့အစည်းကိုမှ ဆောင်ရွက်ခွင့်ပြု မည်မဟုတ်ကြောင်း မင်းတပ်(ပအဖ)က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၁၉ရက်ကြေညာချက်ကို ယခု ထုတ်ပြန်သည့် အမိန့်စာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက် ကြောင်းလည်း ဖော်ပြထားသည်။
