တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်စိပ်တစ်စိပ်အား တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း Guerrilla Warfare – KPK တပ်ဖွဲ့က ယနေ့(ဇွန် ၁၈)ထုတ်ပြန်သည်။
ယနေ့နံနက်ပိုင်းက တန့်ဆည်မြို့နယ် မူးဂွရွာဘက်မှ ထန်းပင်ဆိပ်ကျေးရွာဘက်လာသော အင်အား ၂၅ ဦးခန့်ပါ စစ်ကောင်စီတပ်၏ တပ်စိပ်ကို နံနက် ၆ နာရီ ၄၅ တွင် တစ်ကြိမ်၊ ၇ နာရီတွင် တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“ဟုတ်တယ်ဗျ။ စခ သုံးကောင်သေတယ်လို့ ကနဦးသတင်းပို့ထားတာရှိပါတယ်”ဟု တန့်ဆည်နယ်မှ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးသည့်ဖြစ်စဥ်အပေါ် တပ်တွင်းသ တင်းရင်းမြစ်၏ ထပ်မံအတည်ပြုချက်အရ ရှစ်ဦးထိခိုက်ဒဏ်ရာရကာ သုံးဦးသေဆုံးကြောင်း ၎င်းက ဆက်ပြောသည်။
အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare – KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
