ကျိုင်းတုံမြို့အနီး ဗဟိုပြု၍ ယနေ့ညတွင် အင်အားအသင့်အတင့်ရှိသောငလျင် မိနစ်ပိုင်းအတွင်း နှစ်ကြိမ်ဆက် လှုပ်ခတ်ခဲ့ရာ ဒုတိယအကြိမ်မြေငလျှင်မှာ ပြင်းအားရစ်ချ်တာစကေး ၅ဒဿမ၉ ရှိသည်။
ကျိုင်းတုံမြို့အနီးတွင် ယနေ့ည ၁၁နာရီ ၁၀မိနစ်က မြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)၌ ရစ်ချ်တာစကေး ၄ ဒဿမ၈ ရှိသောငလျင်တစ်ကြိမ်၊ ၁၁နာရီ ၃၇မိနစ်တွင်ရစ်ချ်တာစကေး ၅ဒဿမ၉ ရှိသောငလျင်တစ်ကြိမ် လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားသည်။

ပြင်းအားရစ်ချ်တာစကေး ၆ နှင့်အထက်ဆိုလျှင် အင်အားပြင်းငလျှင်ထဲတွင်ပါ၍ ယနေ့ညတွင်ဒုတိယအကြိမ်လှုပ်သောမြေငလျှင်မှာ ပြင်းအား ၅ဒဿမ၉ ရှိသဖြင့် အင်အားအတော်အသင့်ရှိသောမြေငလျှင်ဖြစ်သည်။မြေငလျှင်ဗဟိုမှာ ၁၀ ကီလိုမီတာနှင့်ပိုနီးလျှင် ဇောက်တိမ်ငလျှင်ဟုသတ်မှတ်ပြီး ပို၍အဖျက်စွမ်းအားကြီးသည်။
စစ်ကောင်စီလက်အောက်ခံမိုးဇလဌာနကမူ ရစ်ချ်တာစကေ ၅ဒဿမ၃ငလျင်နှင့် ၆ဒဿမ၁ ငလျင် လှုပ်ခတ်သွားသည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါငလျင်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ မြို့နယ်များအပြင် နေပြည်တော်အပါအဝင် ဒေသအများစု၌ သိသိသာသာခံစားလိုက်ရကြောင်း ဒေသခံများကပြောသည်။မြေငလျှင်ကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ မသိရသေးပေ။
မြန်မာနိုင်ငံတွင်ယခုရက်ပိုင်း အင်အားအသင့်အတင့်ရှိသော မြေငလျင်များ မကြာခဏ လှုပ်ရှားနေ၍ သတိပြုနေထိုင်ကြရန် မြေငလျှင်ပညာရှင်အချို့ကအကြံပြုသည်။
