စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြစ်သာမြစ်အရှေ့ဘက်ရှိကျေးရွာများကို စစ်ကောင်စီတပ်စစ်ကြောင်းများဝင်ရောက်လာ၍ဒေသခံကာကွယ်ရေးတပ်များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း ကလေးမြို့၊ ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း ၆ ကသတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် အင်းကျော်၊ဥယျာဉ်၊ကင်မွန်းခြုံကျေးရွာများကို စစ်ကြောင်းများခွဲ၍ ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ရခြင်းဖြစ်သည်ဟု တပ်ရင်း ၆ က သတင်းထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်က ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ကြီး ပစ်ကူတောင်းခဲ့ခြင်းကြောင့် နှောညောင်ပင်ရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကပစ်ကူပေးခဲ့သည်ဟုလည်းသိရသည်။
တိုက်ပွဲမှာတစ်နေကုန်ဖြစ်ပွားပြီး ညနေ ၆ နာရီမှပြီးကာစစ်ကောင်စီတပ်သည်သေဆုံးစစ်သားများကိုပြန်မသဲဘဲ ပုံ၍မီးရှို့ခဲ့ကြောင်းလည်းထုတ်ပြန်သည်။တိုက်ပွဲတွင် PDF များဘက်မှ ကျဆုံးထိခိုက်မှုမရှိဟုသိရသည်။
အဆိုပါတိုက်ပွဲတွင်Ranger Kalay Defend Force-RKDF မှလက်ဖြောင့်သေနတ်သမားကပစ်ခတ်၍ စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်းလည်းRKDFကထုတ်ပြန်သည်။
“ယနေ့နံနက်ပိုင်းမှ စတင်၍ အကြမ်းဖက်စစ်ကောင်စီနှင့် ကျွန်ုပ်တို့ ပူးပေါင်းမဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ ပြင်းထန်လျှက်ရှိပါသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိနာပြီး ကျေးရွာများအတွင်း ပြည်သူပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ ခိုးယူကာ နေအိမ်များအား မီးရှို့ဖျက်စီးနေကြောင်း သိရှိရပါသည်”ဟုRKDF ကထုတ်ပြန်သည်။
တိုက်ပွဲအတွင်းအထိနာသောအကြမ်းဖက်စစ်တပ်သည် အင်းကျော်ကျေးရွာရှိ ပြည်သူလူထုနေအိမ်များကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်းသိရသည်။
ထို့အပြင်ယနေ့(ဇူလိုင် ၂၁ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ကလေးမြို့နယ်ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော်ဘက်မှလာသော အင်အား ၁၀၀ခန့်ရှိစစ်ကောင်စီတပ်နှင့် ကလေး PDF တပ်ရင်း(၆) တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ခဲ့ရာစစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ဖြစ်သူ ဗိုလ်ကြီး တစ်ဦး၊
စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးခဲ့ပြီးစစ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့ကြောင်းNUGကလည်းထုတ်ပြန်သည်။
