စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်စစ်ကောင်စီတပ်တို့ ယနေ့ မနက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး(ဗိုလ်မှူးကော်မရှင်စား)အပါအဝင် သေဆုံးထိခိုက်ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယနေ့( ဇူလိုင် ၂၁ရက်) နံနက် ၁၀နာရီခွဲခန့်တွင် ကလေးမြို့နယ် ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော် ဘက်မှသွားသော အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ် နှင့် ကလေး PDF တပ်ရင်း(၆) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ခဲ့သည်ဟုဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းမှူး ဖြစ်သူ ဗိုလ်ကြီး တစ်ဦး၊စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး တပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။
တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးခဲ့ကြောင်းလည်း ဖော်ပြထားသည်။
ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
