▪️ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သတ်ဖြတ်သွား
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ သုံးရွာရှိ နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီတပ်သည် ဇူလိုင် ၈ရက်မှ ၁၄ရက်အတွင်း ရေဦးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ စည်သာမြေရွာ မှ နေအိမ် ၂၃အိမ်၊ ကူဖြူရွာမှ ၃၁ အိမ်၊ မီးမောင်းကုန်းရွာမှ ၇၂အိမ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပကဖ (ရေဦး)က သတင်းထုတ်ပြန်သည်။




ထို့အပြင် စစ်ကြောင်းထိုးရာရွာများရှိ ဒေသခံပြည်သူအချို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ မီးမောင်းကုန်းရွာ တစ်ဦး၊ လိန်တောရွာ နှစ်ဦး၊ကန်ပေါက်ရွာ သုံးဦး၊ စည်သာမြေရွာ နှစ်ဦး၊ ကူဖြူရွာနှစ်ဦးသေဆုံးခဲ့ကြောင်း ပကဖ(ရေဦး)က အသိပေးသည်။
ရေဦးနယ်အနောက်ခြမ်း၊ ဒီပဲယင်းနယ်အရှေ့ခြမ်း နများရွာတွင်လည်း ဇူလိုင်၁၄ရက်က ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ သုံးဦးထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သေးသည်။
