ဖားကန့်မြို့နယ်ဆည်ဇင်းရွာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများပြီးနောက် ဒေသခံများနှင့် ရွှေ့ပြောင်းအခြေချသူများကို နှစ်ရက်အတွင်းထွက်ခွာရန်စစ်ကောင်စီတပ်ကဖိအားပေးခြိမ်းခြောက်နေသည်ဟုဒေသခံများကပြောသည်။
“နှစ်ရက်အတွင်းထွက်ရမယ်လို့ ရပ်ကျေးဘက်ကလာပြောနေတယ်။ တချို့လည်းကြောက်လို့ အင်းတော်ကြီးဖက်ကို ပြေးသွားကြပြီ။ ကျွန်တော်တို့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိသေးဘူး”ဟု ဆည်င်းဒေသခံတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်နှင့်ထိစပ်နေသည့်ဆည်ဇင်းကျေးရွာသည် ဥရုချောင်းဘေးမှ ကျေးရွာတစ်ခုဖြစ်ပြီး ရွှေတွင်းလုပ်ငန်းများစွာရှိသည်။ စစ်ကိုင်းတိုင်းအပါအဝင် အထက်ပိုင်းဒေသမှ ရွှေ့ပြောင်းလုပ်သားအများအပြားသည် ဆည်ဇင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင်အလုပ်လုပ်ကိုင်နေကြသည်။ယခုအခါ စစ်ကောင်စီတပ်က နှင်ထုတ်နေ၍ အခက်အခဲတွေ့နေသည်ဟုရွှေ့ပြောင်းလုပ်သားများကပြောသည်။
ဖားကန့်မြို့နယ်အတွင်းရှိ ဆည်ဇင်းကျေးရွာတွင် ဇူလိုင် ၁၆ရက်ကစ၍ ကချင်လွတ်လပ်ရေးတပ်မတော်-KIA၊PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။ မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ် ပိတ်မိနေ၍ ဇူလိုင် ၁၆ရက်၊ ၁၇ရက်နှင့် ၁၈ရက်အထိသုံးရက်ဆက် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ လတ်တလောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅၀ ဦးထက်မက သေဆုံးကြောင်း ဒေသခံအချို့ကပြောသည်။
“စစ်ကောင်စီဘက်ကတော့ တော်တော်ကို အထိနာတဲ့ တိုက်ပွဲပဲ။ ပြည်သူ့ရဲဘော်တွေဘက်ကလည်းထိတာရှိပေမယ့် ကျွန်တော်တို့ သိသလောက် တစ်ယောက်ကျဆုံးတာပါ” ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ထိုအပြင် ဇူလိုင် ၂၀ တွင်လည်းစစ်ကောင်စီတပ်ကရဟတ်ယာဥ်အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း KIA ၏ထုတ်ပြန်ချက်အရသိရသည်။
စစ်ကောင်စီတပ်သည်ဆယ်ဇင်းဘက်သို့ စစ်အင်အားတိုးချဲ့ရန် ဇူလိုင်ဒုတိယပါတ်တွင် တာမခန်မှခြေလျှင်ထွက်ခါလာရာ ဆယ်ဇင်းအရောက်တွင် KIA ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်မှ တပ်မ ၃၃ အောက် ၇၆တပ်ရင်း၊ ခလရ ၄၂ စုပေါင်းတပ်တို့ဖြစ်ပြီး KIA၊PDF ပူးပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့်သေဆုံးထိခိုက်မှုများပြီးလေကြောင်းပစ်ကူဆက်တိုက်အသုံးပြုနေရခြင်းဖြစ်သည်။ သေဆုံး၊ဒဏ်ရာရသူများ၊စစ်ကူများ ၊လက်နက်ခဲယမ်းများကိုလည်းစစ်တပ်က ရဟတ်ယာဥ်ဖြင့်သုံး၍သယ်ယူပြီး တိုက်လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်သည်။
