ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဖြစ်ပွားခဲ့သည့် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၂၀ခန့်ရှိကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်း၏ Facebook မှတစ်ဆင့် အသိပေးသည်။
ဇူလိုင် ၁၈ရက် နံနက်က မောင်တောမြို့နယ် မြောက်ပိုင်း ၌ AAနှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ရဲမှူးအပါအဝင် ၁၄ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း AAက ထုတ်ပြန်ထားပြီး ယနေ့တွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရာထူး၊ အမည်စာရင်း တို့ကို ဖော်ပြခဲ့သည်။
ယင်းတိုက်ပွဲ၌ လက်နက်မျိုးစုံ ၂၅လက်ပါအဝင် ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု AAက ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုသည် ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅) နယ်မြေရှိ AA တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခြင်းကြောင့် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဦးခိုင်သုခက ပြောကြားထားသည်။
