စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်၍ ဒေသခံအမျိုးသမီးကြီးတစ်ဦး ကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ကြောင်း ‘ချိုမိုင်မိုင်’ ယင်းမာပင် – ကနီမဟာမိတ်တပ်ပေါင်းစုက ပြောသည်။
ရိက္ခာလာပို့သည့်ယာဥ်ကို ထွက်စောင့်နေသော အင်အား ၂၀ခန့်ရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ ယနေ့နံနက် ၈ နာရီခွဲ့မှစတင်ကာ (၅)မိုင်တိုးဂိတ်အနီး (၃)ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ထို့သို့တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ် ခဲ့ရာ တိုးဂိတ်အနီး ကျေးရွာတစ်ရွာဖြစ်သော ကွေ့ချောင်းကျေးရွာမှ အသက် ၅၀ခန့်အရွယ် ဒေါ်ခင်သိန်းမြင့်အား ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ယင်းမာပင် – ကနီမဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့က မိုင်းဆွဲတော့ ခွေးတွေက ရမ်းသမ်းပစ်တယ်ဗျ။ အဲတာ ကွေ့ချောင်းရွာက စစ်ဘေးရှောင်နေတဲ့ပြည်သူကို ကျည်သွားမှန်တာ”ဟု ၎င်းက ဆိုသည်။
ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ် မှုကြောင့် ဒေါ်ခင်သိန်းမြင့်၏ ဦးခေါင်းသို့ ကျည်ထိမှန်ခဲ့ပြီး ဆေးကုသမှု ပေးခဲ့သော်လည်း ယနေ့ညနေ ၆ နာရီ ၁၅မိနစ်ခန့်တွင် ယင်းဒဏ်ရာဖြင့် ပင်သေဆုံးသွားကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
“ကျည်ထိတာက မနက်ခင်းပိုင်းကဗျ။ ဦးခေါင်းထဲဝင်နေတာဗျ။ ကျည်က ထုတ်လို့မရဘူး”ဟု ၎င်းက ဆက်ပြောသည်။
(၅)မိုင်တိုးဂိတ်အနီးတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။
