▪️စစ်ကောင်စီက မသန်စွမ်းဒေသခံ ၂ဦးကိုသတ်ဖြတ်ခဲ့ပြီး ဒေသခံများ၏ နေအိမ်များစွာကို မီးရှို့ခဲ့
ကလေးမြို့မှ ဟားခါးမြို့သို့ သွားရောက်သည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNDF) အပါအဝင်ချင်းပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ CDNF ပါဝင်သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ဦးခန့် သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ အင်အား ၂၀၀ကျော် စစ်ကား ၃၀ ခန့် သည် ကလေးမှ ဟားခါးသို့ သွားရောက်ရန် ကလေးမြို့မှ ဇွန်လကုန်တွင် ထွက်ခွာလာရာ ဇူလိုင် ၄ရက်၊ ၅ရက်နှင့် ၇ရက်များတွင် ကလေး – ဖလမ်း လမ်းပိုင်း၌ CDNFတပ်က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိသည်ဟု ဆိုသည်။
အဆိုပါ စစ်ယာဉ်တန်းသည် ဇူလိုင် ၇ရက်တွင် ဖလမ်းမှ ဟားခါးသို့ ဆက်လက်ထွက်ခွာရာ ချင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ဇူလိုင် ၈ရက်မှ ၁၁ရက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၄၀ခန့် သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းစစ်ယာဉ်တန်းကို ချင်းလက်နက်ကိုင်တပ်များ ပူးပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ(CJDC) အထူးတပ်ဖွဲ့ ဇူလိုင် ၁၆ရက်အထိ ဆက်လက် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ CJDC အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသား တပ်မတော် (CNF/CNA) ၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၈ရက်မှ ၁၆ရက်အတွင်း ဖလမ်း – ဟားခါးလမ်း၌ တိုက်ပွဲ ၈ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၆၀ခန့်သေဆုံးသည်ဟု ဆိုသည်။
အဆိုပါ ဖလမ်- ဟားခါးလမ်းပိုင်းအတွင်း တိုက်ပွဲများ၌ ချင်းပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦး ကျဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။
စစ်ကောင်စီတပ်သည် အဆိုပါ ခရီးစဉ်အတွင်း၌ ဆွံ့အ နားမကြား မသန်စွမ်းအမျိုးသမီးတစ်ဦးနှင့် မသန်စွမ်းအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း CNOက ထုတ်ပြန်သည်။
ထို့ပြင်ဖလမ်း – ဟားခါးလမ်းရှိ ကျေးရွာများမှ ပြည်သူ လူထု နေအိမ်များကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
