●အာဏာမသိမ်းခင်နှင့်နှိုင်းယှဥ်လျှင် ကျပ်ငွေတန်ဖိုးတစ်နှစ်ခွဲအတွင်း ၉၀ ရာခိုင်နှုန်းခန့်ကျဆင်း
စစ်တပ်အာဏာသိမ်းပြီးတစ်နှစ်ခွဲကျော်ကြာမြင့်ချိန်တွင် ကျပ်ငွေတန်ဖိုး ၉၀ ရာခိုင်နှုန်းခန့်ကျဆင်းပြီး ယနေ့(ဇူလိုင်၂၀ )တွင် တစ်ဒေါ်လာကို ကျပ် ၂၅၀၀ အထိပေါက်ဈေးရှိလာသည်။
အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၃၁ ရက် အမေရိကန်တစ်ဒေါ်လာကို ၁၃၂၀ ကျပ်ပေါက်ဈေးရှိခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင်နှိုင်းယှဉ်ပါက ကျပ်ငွေတန်ဖိုးသည် ၈၉ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ခြင်းဖြစ်သည်။
“ဒေါ်လာဈေးကွက်က ပျက်သွားပြီ အရောင်းအဝယ်က ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်သွား”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် ဈေးကွက်အတွင်း အရောင်းအဝယ်အဖြစ်ဆုံးနှုန်းမှာ တစ်ဒေါ်လာ ၂၄၅၀ကျပ်ဖြစ်ပြီး အချို့အရောင်းအဝယ်များတွင် တစ်ဒေါ်လာ ၂၅၀၀ကျပ်အထိရှိလာသည်ဟု ၎င်းကဆက်ပြောသည်။
သို့သော်လည်း ဈေးကွက်အတွင်း ဒေါ်လာအရောင်းအဝယ်လုပ်သူများကို စစ်ကောင်စီက ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင့် ပေါ်တင်အရောင်းအဝယ်မလုပ်ရဲကြောင်း ငွေလဲကောင်တာပိုင်ရှင်များကပြောသည်။
၂၀၂၂ ဇူလိုင်လတွင် ထုတ်ပြန်ထားသော ကမ္ဘာ့ကုန်သွယ်ရေးအချက်အများအရ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုသည် ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟုဆိုထားသည်။
ထိုသို့ငွေကြေးဖောင်ပွလာခြင်းကြောင့်ဆန်၊ဆီနှင့်အခြေခံစားသောက်ကုန်များအပါအဝင်ကုန်ဈေးနှုန်းလည်းအဆမတန်မြင့်တက်လာသည်။
လက်ရှိတွင်စားအုန်းဆီ၊ စက်သုံးဆီ၊ ဆေးဝါးစသည့်ပြည်ပမှတင်သွင်းရသည့်ကုန်ပစ္စည်းများလည်း အဆမတန်ဈေးမြင့်တက်လာသည်။
“ဆန်ဈေးတွေလည်းတက်တယ်၊ဆန်အချောတွေဆိုရင်တစ်ပတ်တည်းကိုကျပ် ၇၀၀၀ ပတ်လည်းတက်သွားတယ်”ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။
ထိုအပြင်စားအုန်းဆီးဈေးမှာလည်း စစ်ကောင်စီကတစ်ပိသာ၃၆၆၅ကျပ်သတ်မှတ်ထားသော်လည်းပြင်ပပေါက်ဈေးတွင်တပိဿာလျှင်ကျပ် ၇၀၀၀ကျော်အထက်တွင်ရှိနေသည်။
ပြည်ပမှဆေးဝါးများမှာလည်း ဈေးကြီးမြင့်ပြီး ဝယ်ယူရန်အခက်အခဲဖြစ်နေသည်ဟု ဆေးဆိုင်ပိုင်ရှင်များကပြောသည်။
