ပြည်တွင်း၌ဒေါ်လာဈေးဆက်တိုက်တက်နေရာ ယနေ့(ဇူလိုင်၁၈) နေ့ခင်းပိုင်းတွင် တစ်ဒေါ်လာလျှင် ၂၃၅၀ ကျပ် အထိမြင့်တက်လာပြီးဈေးကွက်တွင်ဒေါ်လာဝယ်ယူ၍ မရတော့ကြောင်း ငွေလဲကောင်တာပိုင်ရှင်များကပြောသည်။
ယမန့်နေ့ကတစ်ဒေါ်လာလျှင် ၂၂၆၀ကျပ် ဝန်းကျင်ပေါက်ဈေးရှိခဲ့သော်လည်း ယနေ့(ဇူလိုင် ၁၈ ရက်)တွင် ဈေးကွက်အတွင်း ဒေါ်လာရောင်းချသူမရှိဘဲ ဝယ်ယူသူများသာရှိနေပြီးဈေးဆက်တက်နေကြောင်း ငွေလဲကောင်တာပိုင်ရှင်များကပြောသည်။ စစ်ကောင်စီက ၁ ဒေါ်လာလျှင် ၁၈၅၀ ဖြင့်ဒေါ်လာများကိုဘဏ်နှင့်ငွေလဲကောင်တာများတွင်ရောင်းချရန် ညွန်ကြားထားသော်လည်း အဆိုပါနှုန်းနှင့်ပြင်ပဈေးကွက်ပေါက်ဈေးမှာ များစွာကွာဟနေသဖြင့် စစ်ကောင်စီသတ်မှတ်သောနှုန်းဖြင့်အရောင်းအဝယ်မလုပ်ကြပေ။
“ဒီနေ့ မနက်က ၉နာရီခွဲလောက်က အဖွင့်ဈေး ၂၂၉၅ကျပ်ဘဲရှိတာ၊ အခုဈေးတက်တယ်။ ဒါတောင် ပစ္စည်း(ဒေါ်လာ) လိုချင်လို့ အဝယ်တင်ထားတာတွေ အများကြီးရှိတယ်ထိုင်စောင့်ခိုင်းထားရတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် မှောင်ခိုဈေးကွက်အတွင်း ဒေါ်လာလိုက်လံဝယ်ယူနေပြီး ရောင်းသူစိတ်ကြိုက်ဈေးရနေသည်ဟုလည်း ၎င်းကဆက်ပြောသည်။
“ဒေါ်လာဈေးကွက်မှာ ဝယ်လိုအားများနေပြီး လိုသလောက်လဲ ပစ္စည်းမရနိုင်တော့ပါ။ ဝယ်ရောင်းဈေး မတည်ငြိမ်ဖြစ်နေတယ်၊ အခုက ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတယ်။ ရှေ့ဆက်လည်း အတက်ဘက်ကိုပဲ ဦးတည်နေတယ်နေ”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကမှတ်ချက်ပြု
သည်။
စစ်ကောင်စီကဒေါ်လာစီးဆင်းမှုကိုထိန်းချုပ်သော ကြေငြာချက် ၃ စောင်ထွက်လာပြီးနောက် ပြည်တွင်းဒေါ်လာဈေးမှတရှိန်ထိုးမြင့်တက်လာသည်။ဇူလိုင်လဆန်းတွင်တစ်ဒေါ်လာကို ၂၁၀၀ကျပ် ဝန်းကျင်သာရှိသော်လည်း ယနေ့တွင် တစ်ဒေါ်လာကို ၂၃၅၀ကျပ်မြင့်တက်လာပြီး နှစ်ပါတ်အတွင်း တစ်ဒေါ်လာလျှင် ၂၅၀ ကျပ်တက်လာခြင်းဖြစ်သည်။
လက်ရှိဒေါ်လာဈေးမြင့်တက်ရခြင်းမှာမြန်မာနိုင်ငံတွင်ဇူလိုင်လမှ စက်တင်ဘာလ အထိ ဒေါ်လာလိုအပ်ချက် မြင့်တက်သည့်ကာလဖြစ်ခြင်းမှာလည်းအကြောင်ူအရင်းတစ်ခုဖြစ်သည်ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ထိုအချိန်တွင် စစ်ကောင်စီက လက်တွေ့မကျသည့်ညွန်ကြားချက်များဖြင့် ကန့်သတ်လိုက်ခြင်းကြောင့် ကြောက်လန့်ပြီး ဒေါ်လာဝယ်ယူမှုများလာကာ ယခုကဲ့သို့ဒေါ်လာဈေး ပိုမိုမြင့်တက်လာရခြင်းဖြစ်သည်ဟု ၎င်းကသုံးသပ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးဆက်တိုက်မြင့်တက်ခဲ့ပြီး ၂၀၂၁စက်တင်ဘာ ၂၇ ရက်က တဒေါ်လာကို ၂၇၀၀ကျပ်အထိ မြင့်တက်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၁ ဇန်နဝါရီ၃၁ရက်တွင်တစ်ဒေါ်လာကို ၁၃၂၀ကျပ်သာရှိခဲ့သည်။
