ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံက ထွက်ခွာရန် ရှယ်ယာများရောင်းချနိုင်ရေး ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကရေးသားဖော်ပြသည်။
သုံးဆွဲသူ ၁၅ သန်းနီးပါးရှိသည့် မြန်မာနိုင်ငံကတတိယသုံးစွဲသူအများဆုံး မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချရန် စစ်ကောင်စီ၏ မြန်မာ့စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဌာနထံအကြောင်းကြားပြီးဖြစ်သည်ဟုသတင်းကဖော်ပြသည်။ အော်ရီဒူးသည် အရှေ့အလယ်ပိုင်းမှ ကာတာနိုင်ငံဒိုဟာအခြေစိုက်ပြီး နိုင်ငံတကာတွင် ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းများလုပ်ကိုင်နေသော ဂလိုဘယ်ကုမ္ပဏီတစ်ခုဖြစ်သည်။
ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီကို အဓိက ဝယ်ယူရန်အလားလာရှိသူများမှာ ပြည်တွင်းမှ Young Investment Group၊ စင်ကာပူအခြေစိုက် ကွန်ရက်အခြေခံအဆောက်အအုံ အော်ပရေတာ Campana Group နှင့် ရွှေသံလွင်ပိုင် SkyNet တို့ ပါဝင်သည်။ လုပ်ငန်းရောင်းချရန်ဆွေးနွေးမှုများသည်နောက်ဆုံးအဆင့်မရောက်သေးကြောင်းလည်း ရိုက်တာသတင်းဌာနကဆိုထားသည်။
အော်ရီဒူးမိုဘိုင်းဆက်သွယ်ရေးကို ၂၀၂၂ ခုနှစ်တွင် သုံးစွဲသူ ၉ သန်းရှိပြီး ၂၀၂၀ တွင် ၁၅ သန်းထိရှိခဲ့သည်။ တစ်နှစ်လျှင်ဝင်ငွေဒေါ်လာ သန်း ၃၃၀ ခန့်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍသည် ယခင်က အာရှ၏ တိုးတက်မှုအမြန်ဆုံးဈေးကွက်များထဲမှတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖိအားများ မြင့်တက်လာခဲ့သည်။ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ခုနှစ်တစ်လျှောက်လုံးအင်တာနက်ကိုတစ်နိုင်ငံလုံးအတိုင်းအတာကန့်သတ်ပြီးနောက်နိုင်ငံတစ်ဝှမ်းတွင်မိုဘိုင်းဒေတာကိုပိတ်ထားသည်။
ထိုအပြင် အာဏာသိမ်းစစ်ကောင်စီက ယခုနှစ်တွင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီ/လုပ်ငန်းအားလုံးကို ဒေါ်လာရရှိပါက တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့် စစ်ကောင်စီသတ်မှတ်သောဘဏ်တွင် မဖြစ်မနေ ရောင်းချရန် ဖိအားပေးအကြပ်ကိုင်ခဲ့သည်။ စစ်ကောင်စီ၏ တင်းကြပ်မှုများပိုမိုဆိုးဝါးလာသည်နှင့် အမျှ ပြည်ပအခြေစိုက် လုပ်ငန်းများမှာလုပ်ငန်းရပ်တည်ရန် ပိုမိုခက်ခဲလာသည်။
အော်ရီဒူးမတိုင်ခင် နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော်မှာလည်းမြန်မာနိုင်ငံမှထွက်ခွာရန်စီစဥ်နေသည်။ကျန် ဆက်သွယ်ရေးအော်ပရေတာနှစ်ခုမှာ စစ်ကောင်စီထိန်းချုပ်ထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီKDDIတို့ပူးပေါင်းလုပ်နေသော MPT၊ မြန်မာစစ်တပ်နှင့် ဗီယက်နန်စစ်တပ်တို့ပူးပေါင်းလုပ်နေသော Mytel တို့ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖုန်းအင်တာနက်၊ ဖုန်းလိုင်းများမကြာခဏဖြတ်တောက်သလို ဖုန်းလိုင်းများကိုစောင့်ကြည့်မှုရှိနိုင်သောကြောင့် ပြည်သူများကပြည်ပမှ ရင်းနှီးမြှပ်နှံသော တယ်လီနောနှင့် အော်ရီဒူးကို ပိုမိုယုံကြည်စွာအသုံးပြုခဲ့ကြသည်။
ကိုးကား/ ဓါတ်ပုံ-ရိုက်တာ
