●စစ်ကောင်စီကဒေါ်လာမရမည်စိုးရ ယခင်မရှိဖူးသောမူမမှန်သည့်တင်းကြပ်မှုများပြုလုပ်နေဟုလုပ်ငန်းရှင်များပြော
ပဲမျိုးစုံ၊ ပြောင်း၊နှမ်းနှင့်မြေပဲဆံများကိုနယ်စပ်ကုန်သွယ်ရေးမှ ပြည်ပတင်ပို့ရာတွင် ပို့ကုန်ဒေါ်လာများ ကြိုတင်ရရှိပြီးမှာသာ ပို့ကုန်လိုင်စင်ထုတ်ပေးတော့မည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ကုန်သွယ်ရေးဦးစီးဌာနကယနေ့ (ဇူလိုင် ၁၄ ရက်)ထုတ်ပြန်သည်။
စိုက်ပျိုးရေး ပို့ကုန်များကို ပြည်ပတင်ပို့ရာတွင်အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဖြစ်ပြီးတင်ပို့ရာတွင်လည်းကြိုတင်ငွေလွဲစနစ်ဖြင့်သာ ကုန်ပစ္စည်းတင်ပို့ရမည်ဟု စစ်ကောင်စီကဆိုသည်။
ပြည်တွင်းသို့ ငွေလွဲဝင်ရောက်ပြီးကြောင်းဘဏ်အထောက်အထားပြမှသာ ပို့ကုန်ကြေညာလွှာဖွင့်လှစ်ပြီးတင်ပို့ခွင့်လိုင်စင်ပေးမည်ဟု စစ်ကောင်စီက အကျပ်ကိုင်လိုက်ခြင်းဖြစ်သည်။

“ပစ္စည်းမပို့ခင်ဒေါ်လာကို ဘဏ်ထဲ အရင်ပို့ရမယ်။ ဒါမှာပို့ကုန်လိုင်စင်ထုတ်ပေးမှာ။ ပို့ဖြစ်မပို့ဖြစ်ကတော့ လုပ်ငန်းရှင်ကခံရမယ်သဘောဘဲ။ ”ဟု ပို့ကုန်လုပ်ငန်းရှင်ပြောသည်။
စစ်ကောင်စီက ပို့ကုန်များမှ ဒေါ်လာမရမည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့တစ်ခါမျှမရှိဖူးသော မူမမှန်သည့် စည်းကမ်းများ ထုတ်နေခြင်းဖြစ်သည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပဲမျိုးစုံ ၊ပြောင်း၊နှမ်းနှင့်မြေပဲတို့မှာ ပြည်တွင်းမှ အဓိကတင်ပို့စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည်။ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်အများစုသည် ဝယ်ယူသူနိုင်ငံကိုဦးစားပေးရသောဝယ်သူဈေးကွက်ဖြစ်ပြီး ၊အာဏာသိမ်းစစ်ကောင်စီက ပို့ကုန်လုပ်ငန်းများအဆင်ပြေအောင်ဖြေလျှော့ ကူညီပေးရ
မည့်အစား ပို့ကုန်လုပ်ငန်းများကို ပိုမိုအခက်တွေ့အောင်တင်းကြပ်နေခြင်းဖြစ်ကြောင်းလုပ်ငန်းရှင်အချို့ကပြောသည်။
စစ်ကောင်စီနယ်စပ်ကုန်သွယ်မှုများကို ကျပ်ငွေနှင့်ဘတ်ငွေ၊ ကျပ်ငွေနှင့် တရုတ်ယွမ်တို့ဖြင့် ယမန့်နှစ်က ကုန်သွယ်ခွင့်ပြုခဲ့သော်လည်း ယခုအခါ အမေရိကန်ဒေါ်လာဖြင့်သာဆောင်ရွက်ရမည်ဟု ပြန်လည်ပြောင်းလဲခဲ့သည်။
