အမေရိကန်ဒေါ်လာဈေးသည် ပြည်တွင်းမှောင်ခိုဈေးကွက်တွင်ယနေ့ တစ်ဒေါ်လာလျှင် ကျပ် ၂၂၀၀ အထိ ပေါက်ဈေးရှိလား ကြောင်း ငွေလဲလုပ်ငန်းဆောင်ရွက်နေသူများကပြောသည်။
အကြမ်းဖက်စစ်ကောင်စီထိန်းချုပ်ထားသည့်ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ ကျပ်ဟုပုံသေသတ်မှတ်ထားသော်လည်းလက်တွေ့အရောင်းအဝယ်လုပ်ကိုင်သောပြင်ပဈေးကွက်တွင် ဇူလိုင် ၁၃ ရက်ညနေပိုင်း၌ တစ်ဒေါ်လာလျှင် ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာခြင်းဖြစ်သည်။
“ဒီနေ့ နေ့လယ်ပိုင်းက တစ်ဒေါ်လာကို ၂၁၉၅ကျပ်ရှိတာ၊ ညနေပိုင်းမှာ ၂၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
ယနေ့မနက်အဖွင့်ဈေးသည် တစ်ဒေါ်လာကို ၂၁၇၅ကျပ်ဖြင့်ဈေးဖွင့်သော်လည်း ညနေပိုင်းတွင် ဈေးမြှင့်တက်လာခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“ဈေးကွက်ထဲမှာ ဒေါ်လာက အဝယ်ဘဲရှိတယ်။ ရောင်းတဲ့သူတွေကလဲဈေးတက်မှာသိတော့မရောင်းဘူး။အခုကဒေါ်လာဘယ်လောက်ရောင်းရောင်းဝယ်မယ့်သဘောပါ”ဟုကမာရွတ်မြို့နယ်ရှိ ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
ဒေါ်လာမှောင်ခိုဈေးကွက်တွင်ဇွန်လလယ်ကတစ်ဒေါ်လာလျှင် ၂၀၅၀ကျပ်သာရှိသော်လည်း ဇွန် တတိယပတ်မှစ၍ ဈေးဆက်တိုက်မြှင့်တက်လာခြင်းဖြစ်သည်။
“ဇွန်၊ ဇူလိုင်က စပြီး စက်တင်ဘာလအထိ ပြည်တွင်းမှာ ဒေါ်လာလိုတဲ့ကာလပဲ။ ဒီကာလမှာ ဈေးမြင့်တက်လာလေ့ရှိတယ်။ နောက်ပြီး မြို့ပြပျောက်ကျား အရှိန်မြင့်မယ်ဆိုတော့ စစ်တပ်အသိုင်းအဝိုင်းက ဒေါ်လာလုဝယ်နေကြတယ်”ဟု ငွေကြေးလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက မှတ်ချက်ပေးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဒေါ်လာဈေးမြင့်တက်လာပြီး ၂၀၂၁ စက်တင်ဘာ ၂၇ ရက်တွင် တစ်ဒေါ်လာကို ၂၇၀၀ကျပ် အထိသမိုင်းတစ်လျှောက်စံချိန်တင်မြင့်တက်ခဲ့သည်။ စစ်တပ်အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ရက်က တစ်ဒေါ်လာကို ၁၃၂၀ကျပ်သာရှိခဲ့သည်။စစ်ကောင်စီက ဒေါ်လာဈေးထိန်းချုပ်နိုင်ရန် ပုံသေငွေလဲနှုန်း ၁၈၅၀ သတ်မှတ်၍ အဆိုပါနှုန်းဖြင့် နိုင်ငံခြားဝင်ငွေရှိသူများကို ၁ ရက်အတွင်း၎င်းတို့သတ်မှတ်သောဘဏ်များတွင် ကျပ်ငွေဖြင့်လဲစေခြင်း၊ ပြည်ပမှ သွင်းကုန်များကို တိုး၍ ပိတ်ပင်လာခြင်းများပြုလုပ်ခဲ့သော်လည်း ဒေါ်လာဈေးမကျဘဲတိုင်းပြည်စီးပွားရေးမှာပိုမိုဆိုးဝါးကျဆင်းလာသည်။ ထိုကြောင့်ကမ္ဘာဘဏ်ကပင် ၂၀၂၂ တွင်မြန်မာနိုင်ငံ၏စီးပွားရေး ခန့်မှန်းတွက်ချက်ရန် မတက်နိုင်၍ တွက်ချက်ခန့်မှန်းခြင်းမလုပ်တော့ဘဲ ချန်လှပ်ခဲ့သည်။
