အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ပိုင်ဆိုင်သည့် ရန်ကုန်မြို့မှ နေအိမ်တစ်လုံးကို ထပ်မံရောင်းချသွားမည်ဟုအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးကယနေ့ထုတ်ပြန်
သည်။
အာဏာရှင် အဆုံးသတ်နိဂုံး(EOD)အစီအစဉ်ဖြင့် NUGက စစ်ခေါင်းဆောင်ပိုင်ဆိုင်သည့် အင်းလျားလမ်းရှိ အိမ်နံပတ် ၁၄ကို ဒေါ်လာ ၁၀ သန်းဖြင့်ရောင်းချပြီးနောက် ဒုတိယမြောက် အိမ်တစ်လုံးကို ထပ်မံရောင်းချရန် NUGကစီစဥ်နေခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်၏ အင်လျားလမ်း အိမ်နံပတ် ၁၄ကို ရောင်းချရာတွင် လက်ရှိတွင် ဒေါ်လာ ၈ သန်းကျော်ရရှိထားပြီး ရောင်းချရန် ရှယ်ယာ ၁၇၀၀၀ကျော် (ဒေါ်လာ ၁ ဒသမ ၇ သန်း)သာကျန်ရှိတော့သည်ဟု ရှယ်ယာရောင်းချပေးနေသူများထံမှသိရသည်။
ထိုအိမ်အတွက် Final Call(နောက်ဆုံးရှယ်ယာရောင်းချမှု) ရောက်ရှိလာတော့မည်ဟု NUGကအသိပေးထားသည်။
နှစ်ဧကခန့်ကျယ်ဝန်းသောအာဏာသိမ်း စစ်ခေါင်းဆောင် ပိုင်ဆိုင်သည့် အင်လျားလမ်းမှ အိမ်နံပတ် ၁၄ ကို NUGက ဒေါ်လာ ၁၀သန်းတန်ဖိုးရှိသည့် အစုရှယ်ယာ တစ်သိန်းကို မေ ၅ ရက်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုအိမ်နှင်ခြံသည် ကာလတန်ဖိုးဒေါ်လာ ၃၆ သန်းတန်သော်လည်းကာလတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းဖြင့် NUGက ရောင်းချခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အမည်ဖြင့် အဓမ္မသိမ်းယူထားသည့် အိမ်လေးလုံးရှိပြီးစစ်အုပ်စုက သိမ်းယူထားသည့် မြေကွက်ပေါင်း ၆၀ ကျော်အထိရှိသည်ဟု NUG၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောထားသည်။
ထိုပြင် ရန်ကုန်မြို့၏ အချက်အချာကျသည့်နေရာရှိစစ်တပ်ပိုင်မြေများကို နွေဦးတော်လှန်ရေး အထိမ်းအမှတ် ပန်းခြံပါဝင်သည့် စိမ်းလန်းဧရိယာ(Green Area) တစ်ခုအဖြစ်ဖော်ဆောင်သွားမည်ဖြစ်ပြီး ၎င်းအတွက် စီမံကိန်းအဆိုပြုလွှားများဖိတ်ခေါ်သွားမည်ဟုထုတ်ပြန်ထားသည်။
